ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ အောက်တိုဘာလ ၉ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများသို့ အစီရင်ခံတင်ပြသည့်မိန့်ခွန်းပြောကြားရာ၌ “ကျွန်မတို့ နေ့တိုင်း၊ နေ့တိုင်း အဆက်မပြတ်တစ်ချိန်လုံး ဒီရောဂါနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ လုံခြုံရေးအတွက် အမြဲတမ်း စဉ်းစားနေပါတယ်။ ပြည်သူတွေရဲ့ ကျန်းမာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ရွေးကောက်ပွဲက နိုင်ငံရေးနဲ့ ဆိုင်ပါတယ်။ လိုအပ်ချက်အသီးသီး အားလုံးကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်မတို့ ကြိုးစားနေပါတယ်” ဟု ပြောကြားခဲ့သည်။
ယခုကာလတွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကို များများရှာဖွေ ဆောင်ရွက်နေသောကြောင့် ရောဂါ ပိုးတွေ့ရှိမှု မြင့်မားနေပြီး ထိုမှတဖြည်းဖြည်း လျော့နည်းကျဆင်းလာအောင် ကြိုးပမ်းဆောင်ရွက်နေ သည်။ ထိုအချိန်တွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး သံသယရှိ၍ Quarantine ဝင်ရ သည်ဖြစ်စေ၊ ရောဂါပိုးတွေ့ရှိ၍ ဆေးရုံတက်ကုသရသည်ဖြစ်စေ စိုးရိမ်ပူပန်မှု အလွန်အကျွံ မဖြစ်ကြရန်နှင့် မိမိစိတ်ကို သတိကပ်ဆင်ခြင်ကာ ဆေးရုံ၊ ဆေးခန်းများမှ ပြုစုကုသပေးပြီး မှာကြားထားသည့်အတိုင်း လိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ ။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုကို အလျင်အမြန်လျှော့ချ ထိန်းချုပ် နိုင်ရန် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေစဉ် နိုင်ငံ၏အနာဂတ်အရေး၊ နိုင်ငံ့အရေး ကိစ္စများသာမက ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်သူများ လူမှုစီးပွားအခက်အခဲများ ဖြစ်လာမှုတို့ကိုပါ ဖြေရှင်းပေးနိုင်ရန် အဘက် ဘက်က အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ စိုးရိမ်မှု အလွန်အကျွံမဖြစ်ရန်နှင့် စိုးရိမ်မှုလွန်ကဲပါက ကိုယ်ခံအားကျဆင်းနိုင်သည်ကို သတိပြုပြီး မိမိကိုယ်တိုင် ဆင်ခြင်ဉာဏ်ဖြင့် ကြံ့ခိုင်သော စိတ်ကိုမွေးမြူကာ ကျန်းမာရေးဆိုင်ရာ သတ်မှတ် ထားသော စည်းမျဉ်း စည်းကမ်းများအတိုင်း နေထိုင်ကြခြင်းဖြင့် ရောဂါသက်သာပျောက်ကင်း စိတ်ချမ်း သာခြင်းကို ဖြစ်စေနိုင်သည်။
ပြည်သူများအနေဖြင့် နိုင်ငံတော်အစိုးရနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကင်းဝေးရေး၊ ပြည်သူများ ကျန်းမာရေး အတွက် ပါဝင်ဆောင်ရွက်ကြသူ များလာရန်လိုအပ်သည်။ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးအတွက် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ စေတနာ့ဝန်ထမ်းများ၊ လူမှုအကူ အညီပေးသူများ၊ အလှူရှင်များ၊ ပြည်သူများ အားတက်သရော လက်တွဲဆောင်ရွက်နေကြသည်ကို တွေ့ရ သည်။ ရောဂါသက်သာပျောက်ကင်း ရေးအတွက် ကူညီဆောင်ရွက်ရာ၌ ကိုဗစ်ရောဂါရရှိပြီး ပြန်လည် သက်သာ ပျောက်ကင်းသော ပြည်သူများအနေဖြင့် အရေးကြီး လူနာများအားကုသရာ၌ ထိရောက်သော ကုသမှုပေး နိုင်သည့် သွေးရည်ကြည်များကို ပါဝင်လှူဒါန်းခြင်း ဖြင့် အကူအညီပေးနိုင်ရန် နှိုးဆော်ပါသည်။
နိုင်ငံတော်အနေဖြင့် ပြည်သူများ၏ကျန်းမာရေးကို အတတ်နိုင်ဆုံး အစွမ်းကုန် ဂရုစိုက်ပေးနေပြီး ရောဂါပျောက်ကင်းရေးအတွက် အဓိကကျသည့် ကာကွယ်ဆေးရရှိရေးကို မျက်ခြည်မပြတ် ဆောင်ရွက်နေ သည်။ ယခုအခါ နိုင်ငံကြီးအချို့တွင် ထိရောက်စွာကုသပေးနိုင်မည့် ကိုဗစ်-၁၉ ဆေးကို ဖော်ထုတ် ရရှိနေပြီဖြစ်ရာ ထိုဆေးကို မြန်မာနိုင်ငံက ဝယ်ယူရရှိထားပြီး အချို့ကိုလည်း အလှူခံ ရရှိထားသည်ဟု သိရသည်။ လက်ရှိတွင် ရောဂါပြင်းထန်သော လူနာများအတွက် ဦးစားပေးအသုံးပြုပြီး နောင်တွင် သုံးသင့် သုံးထိုက်သော သူများသာမက အားလုံးအသုံးပြုနိုင်အောင် ကြိုးပမ်းဆောင်ရွက်နေသည်မှာ ဝမ်းမြောက် စရာဖြစ်သည်။
နိုင်ငံတော်အစိုးရသည် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအပါအဝင် ပြည်သူများ၏ လူမှု စီးပွား လိုအပ်ချက်များနှင့် နိုင်ငံ၏အရေးကိစ္စများကိုပါ မပြတ်မလပ် ကြိုးပမ်းဆောင်ရွက်နေရာ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစနစ်များ ချောမွေ့စွာဖြင့် လည်ပတ်စီးဆင်းနေမည်ဖြစ်သည်။ ပြည်သူများ စီးပွားရေးနှင့်ပတ်သက်၍ ကုန်ကြမ်းပေး၊ ကုန်ချောယူ လုပ်ငန်းများကို ခေတ္တရပ်ဆိုင်း ထားသဖြင့် အခက် အခဲများရှိမည် မှန်သော်လည်း အများပြည်သူအကျိုးအတွက် မတတ်သာဘဲ ဆောင်ရွက်ရခြင်း ဖြစ်သည်။ နောင်တွင် ရောဂါနှင့်ပတ်သက်၍ စိတ်ချရသော အနေအထားရှိပြီဟု သက်ဆိုင်ရာ ဌာနက စစ်ဆေးပြီးသော အခါတွင် လုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်နိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား နေသော အချိန်တွင် နိုင်ငံတော် အစိုးရအနေဖြင့် ပြည်သူလူထု အကျိုး စီးပွားအတွက် အဘက်ဘက်က ကြိုးပမ်း ဆောင်ရွက်ပေးနေပြီး ကိုဗစ်-၁၉ ရောဂါကင်းဝေးရေးသာမက နိုင်ငံတော်နှင့်ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတို့သာမက အထွေထွေရွေး ကောက်ပွဲကဲ့သို့ နိုင်ငံရေးကိစ္စများကိုပါ မျက်ခြည် မပြတ် အခါမလပ်ကြည့်ရှုပြီး အဘက်ဘက်တွင် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်း ဆောင်ရွက် နေသည်ဟု ကြေးမုံက ရှုမြင်ပါကြောင်း။