Skip to main content

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ငလျင်ဒဏ်ကြောင့်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံအားပေး

နေပြည်တော် ဧပြီ ၁၁

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မန္တလာသီရိ အားကစားပြိုင်ကွင်းအတွင်းရှိ ပရိသတ် ၂၀၀၀ ဆံ့ ဘက်စုံသုံး အားကစားရုံသို့ရောက်ရှိပြီး မန္တလာသီရိ ပင်မအားကစားကွင်းအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများကို အားပေးစကား ပြောကြားကာ တစ်ဦးချင်း ထောက်ပံ့ငွေများပေးအပ်ပြီး မန္တလေးငလျင်ဒဏ်ကြောင့် ဘက်စုံသုံးအားကစားရုံမှန်များနှင့် နံရံကွဲအက်မှုများ၊ လက်ဝှေ့အားကစားရုံ နံရံကွဲအက်မှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပရိသတ် ၃၀၀၀၀ ဆံ့ မန္တလာသီရိ ပင်မဘောလုံးကွင်းအတွင်း ငလျင်ဒဏ်ကြောင့် အားကစားကွင်းဝင်ပေါက်များ ပျက်စီးမှု၊ ပွဲကြည့်စင်ပျက်စီးမှုအပါအဝင် ပျက်စီးမှုများကို အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးပြီး အပျက်အစီးများ ရှင်းလင်းဖယ်ရှားရေး၊ ဆယ်တင်ပစ္စည်းများ စနစ်တကျသိမ်းဆည်းရေး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ နည်းပညာရပ်၊ ပညာရှင်များ စစ်ဆေးပြီးပါက အကြံပြုချက်များအတိုင်း ပြန်လည်ပြုပြင်နိုင်ရေးကိစ္စများကို မှာကြားပြီး တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ချမ်းမြသာစည်မြို့နယ်ရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မန္တလေးဘောလုံး အကယ်ဒမီအဆောက်အအုံပျက်စီးမှုများကိုလည်းကောင်း၊ ချမ်းမြသာစည်မြို့နယ် ဘောလုံးကွင်းအတွင်းရုံးခန်းနှင့် ဝန်ထမ်းနေအိမ်ပျက်စီးမှု၊ ရေစင်ပျက်စီးမှုများကို လည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းခရိုင် အားကစားကွင်းသို့ ရောက်ရှိပြီး ဖူဆယ်အားကစားရုံ၊ ဂါလန် ၂၀၀၀ ဆံ့ရေစင်၊ ပတ်လည်အုတ်တံတိုင်းနှင့် အဝင်မုခ်ဦးများ၊ အားကစား သမားများအိပ်ဆောင်၊ ဝန်ထမ်းနေအိမ်များနှင့် ပွဲကြည့်စင်များတွင် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများကို လိုက်လံကြည့်ရှုစစ်ဆေးရာစစ်ကိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းခရိုင်နှင့် စစ်ကိုင်းမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ၍ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များ၊ အဝတ်အထည်များနှင့် ဆိုလာမီးများကို ထောက်ပံ့ပေးအပ်ကာ အားပေးစကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီး ဌာနရုံးသို့ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ရုံးအဆောက်အအုံပျက်စီးမှု၊ စားပွဲတင်တင်းနစ် အားကစားရုံနှင့် GYM အားကစားရုံပျက်စီးမှု၊ စစ်ကိုင်းခရိုင်အားကစားရုံပျက်စီးမှုနှင့် ကယ်ဆယ်ရေးပစ္စည်းများ နေရာချထားမှု၊ စစ်ကိုင်းမြို့နယ် ဘောလုံးကွင်းအုတ်တံတိုင်းပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးပြီး အပျက်အစီးများရှင်းလင်းရေး၊ ဆယ်တင်ပစ္စည်းများ စနစ်တကျသိမ်းဆည်းရေး၊ ပြန်လည်ပြုပြင် ရေးကိစ္စများကို မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းမြို့နယ် ဘောလုံးကွင်းအတွင်း စစ်ကိုင်းမြို့ ကယ်ဆယ်ရေးနှင့် အပျက်အစီးရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ နေထိုင်မှုများကိုကြည့်ရှုပြီး တာဝန်ရှိသူများအား အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်