နေပြည်တော် ဧပြီ ၁၁
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယာယီနေရာချထားရေးစခန်းများတွင် နေထိုင်လျက်ရှိသည့် ဝန်ကြီးဌာနမှ ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းနှင့် မိသားစုများအား ယနေ့တွေ့ဆုံအားပေးစကား ပြောကြားသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယာယီနေရာချထားရေးစခန်းများတွင် နေထိုင်လျက်ရှိသည့် ဝန်ထမ်းများနှင့် မိသားစုများအနေဖြင့် စုစုစည်းစည်းနေထိုင်၍ အချင်းချင်းအပြန်အလှန် ရိုင်းပင်းကူညီဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ကြီးဌာနဘက်မှလည်း လိုအပ်သည်များအား တတ်နိုင်သမျှ ကူညီထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဝန်ထမ်းများ မိမိတို့၏လုပ်ငန်းတာဝန်များကို ပြန်လည်ထမ်းဆောင်နိုင်ရေးအတွက် ဖယ်ရီကားများကိုလည်း စီစဉ်ထားရှိကြောင်း အားပေးစကား ပြောကြားပြီး ယာယီနေရာချထားရေးစခန်းများအတွင်း ဝန်ထမ်းနှင့် မိသားစုများ၏ နေထိုင်စားသောက်ရေး၊ တပ်ဆင်ပေးထားသောရေသန့်စက်မှ သောက်သုံးရေရရှိမှု၊ လျှပ်စစ်မီးရရှိမှုနှင့် အရန်မီးစက်ထားရှိမှု အခြေအနေများ၊ ရေချိုးကန်များ၊ သန့်စင်ခန်းများ လုံလောက်စွာအသုံးပြုနိုင်ရေး၊ စီစဉ်ပေးထားသော အမှိုက်ပုံးများတွင်သာ အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရေးအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးမင်းမင်းနှင့် ဦးကျော်ရွှေထွန်းတို့ကလည်း ငလျင်ဘေးဒဏ်သင့်ဝန်ထမ်းများနှင့် မိသားစုများအား အားပေးစကားများပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဝန်ထမ်းတစ်ဦးလျှင် ထောက်ပံ့ငွေကျပ်တစ်သိန်းစီကို ဝန်ထမ်းများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်