နေပြည်တော် ဧပြီ ၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ဧပြီ ၁၀ ရက် မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်ရှိ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ရေသိုးရေလှောင်တမံ ကြံ့ခိုင်မှုအခြေအနေနှင့် ထိခိုက်ပျက်စီးခဲ့မှုကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ပြန်လည်ပြုပြင်ဆောင် ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ရေသိုးရေလှောင်တမံ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများနှင့် ပေတိုင် ၁၅၀ နှင့် ၆၅၀ တို့တွင် ရေထုတ်ပြွန်နှင့် အပြိုင်ကန့်လန့်အက်ကြောင်း ဖြစ်ပေါ်ခဲ့မှု၊ တမံထိပ်ပြင်ပေါ်၌ အလျားလိုက်အက်ကြောင်းများ ဖြစ်ပေါ်ခဲ့မှုအခြေအနေများနှင့် အက်ကြောင်းနေရာများကို သဲဖြည့်ခြင်းများဖြင့် ယာယီပြန်လည်ပြုပြင် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ထိခိုက်ပျက်စီးခဲ့သည့် နေရာများနှင့် ရေလှောင်တမံ၏ ပြောင်းလဲမှုအခြေအနေများကို အမြဲမပြတ် အသေးစိတ်တိုင်းတာ စောင့်ကြည့် စစ်ဆေးမှုများ ဆောင်ရွက်ကြရန်လိုကြောင်း၊ အက်ကြောင်းများ ဖြစ်ပေါ်ခဲ့သော နေရာများတွင် ဘူမိရူပဆိုင်ရာ စစ်ဆေးမှုများပြုလုပ်၍ အမြန်ဆုံးပြင်ဆင်နိုင်ရေး စီမံဆောင်ရွက်ကြရန်လိုကြောင်း၊ ရေလှောင်တမံနှင့်ဆက်စပ် ရေအားအဆောက်အအုံများ ဘေးကင်းလုံခြုံမှုအခြေအနေ မျက်မြင်စစ်ဆေးမှုအစီရင်ခံစာပါ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
ယင်းနောက် အုတ်တွင်းမြို့ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သက်ဆိုင်ရာတာဝန်ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ငလျင်လှုပ်ခတ်ပြီးနောက် ရေလှောင်တမံများ ကြံ့ခိုင်မှုအခြေအနေနှင့် ဆက်စပ်ရေအားအဆောက်အအုံများ၊ ဆည်ရေသောက်စနစ်များ ထိခိုက်ပျက်စီးခဲ့မှုကို ယာယီပြန်လည်ပြုပြင် ဆောင်ရွက်ပြီး စိုက်ပျိုးရေအမြန်ဆုံးပြန်လည်ပေးဝေနိုင်ရေးနှင့် ပတ်သက်၍ နည်းပညာပိုင်းဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်