နေပြည်တော် ဧပြီ ၁၁
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့်တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ သောတပန်းရပ်ကွက်ရှိ သဒ္ဓမ္မပါလကျောင်းတိုက်နှင့် ဇိနောဒယပရိယတ္တိ စာသင်တိုက်များသို့သွားရောက်၍ သံဃာတော်များ အား အရုဏ်ဆွမ်း၊ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ကျောင်းတိုက်ဆရာ တော်များအားဖူးမြော်၍ သာသာနိကအဆောက်အအုံများ ပြိုကျပျက်စီးမှုအခြေအနေများနှင့် ပြည်လည် တည်ဆောက်ရေးဆောင်ရွက်နေမှု အခြေအနေများကို လျှောက်ထားကာ ဆရာတော်များထံမှ ဩဝါဒများ နာခံကြသည်။
ထို့နောက် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီအတွင်း သာသနိကအဆောက်အအုံများ၌ အပျက်အစီးဖယ်ရှားရှင်းလင်းနေမှု အခြေအနေများကိုကြည့်ရှုပြီး ရန်နိုင်ရပ်ကွက်နှင့် ပါရမီရပ်ကွက်များရှိ ငလျင်ဒဏ်သင့်ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားသည်။ ယင်းနောက် စစ်ကိုင်းမြို့ သစ်ဆိပ်မြစ်ကမ်း၌ ကုန်တင်ယာဉ်ကြီးများ ဇာတ်ဆိပ်မှ ဖြတ်သန်းသွားလာမှုများ၊ ပို့တန်းရပ်ကွက်ရှိ ထူပါရုံစေတီ၊ တကောင်းရပ်ကွက်ရှိ မဟာစေတီ၊ ပန်းပဲတန်းရပ်ကွက်ရှိ ရတနာဆင်များရှင်စေတီနှင့် ပါရမီရပ်ကွက်ရှိ မဟာစည်းခုံကြီးစေတီများရှိ သာသနိက အဆောက်အအုံများ၊ အရန်စေတီများ ပြိုကျပျက်စီးမှုနှင့် အပျက်အစီးများ ရှင်းလင်းဖယ်ရှားနေမှုများကို သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် ပို့တန်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ယာယီကျောင်းဆောင်ဆောက်လုပ်နေမှုကို လည်းကောင်း၊ စစ်ကိုင်းမြို့ အမှတ်(၂)အခြေခံပညာ အထက် တန်းကျောင်းနှင့် သောတပန်းရပ်ကွက် သံပုဏ္ဏာရာမကျောင်းတိုက်တို့ရှိ ငလျင်ဒဏ်သင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကိုလည်းကောင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ ငလျင်ဘေးသင့်ပြည်သူများ သောက်သုံးရေ အဆင်ပြေစေရန်အတွက် တပ်မတော်ရေသန့်စက်ရုံမှ ဧရာဝတီမြစ်ရေကိုသန့်စင်၍ သောက်သုံးရေ ဖြန့်ဝေပေးနေမှုများကိုလည်းကောင်း သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှု များဖြစ်ပေါ်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့၊ နန်းမြို့ရိုးနေရာ၊ Sky Villa နေရာ၊ အောင်မြေသာစံမြို့နယ်ရှိ စန္ဒာမုနိဘုရား၊ မဟာမုနိဘုရားကြီးတို့၌ အပျက်အစီးများ ဖယ်ရှားရှင်းလင်း၍ သန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်တို့က သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့ပြင်ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်သည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အစည်းအဝေး ခန်းမ၌ ငလျင်ဒဏ်သင့်နေရာများရှိ အပျက်အစီးများ အမြန်ဆုံးဖယ်ရှားရှင်းလင်းရေးနှင့်ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံ၌ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ စုပေါင်းသွေးလှူဒါန်းပွဲသို့သွားရောက်၍ သွေးအလှူရှင်များနှင့် ဆေးကုသမှုခံယူနေသူ များအား အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။ ထို့နောက် ကျောက်ဆည်မြို့၊ ပြည်လုံးနိုင်ဗလီ၊ ကံဦးဗလီနှင့် ဆူးလေကုန်းဗလီတို့၌ အပျက်အစီးများ ရှင်းလင်းနေမှုကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း၍ အလှူငွေများ ပေးအပ်လှူဒါန်းသည်။ ယင်းနောက် ဇီဝနည်းပညာသုတေသနဦးစီးဌာန၊ အစိုးရစက်မှုလက်မှု သိပ္ပံနှင့်ခရိုင်တရားရုံးတို့အား အပျက်အစီးများ ရှင်းလင်းဖယ်ရှားနေမှု၊ အမှုတွဲများ စနစ်တကျထားရှိမှု၊ လုပ်ငန်းများအဆင်ပြေစေရန် ဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အပြင် ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်ပေးပြီး ဒဏ်ရာရရှိကြသည့် ဒေသခံပြည်သူများအား ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်