နေပြည်တော် ဧပြီ ၁၁
အကြမ်းဖက်သမားများအနေဖြင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်သေဆုံး ဒဏ်ရာရရှိစေရန်ရည်ရွယ်ကာ အကြမ်းဖက်ဖောက်ခွဲရေး လုပ်ရပ်များလုပ်ဆောင်ခြင်း၊ အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအနီးတွင် ဖောက်ခွဲရေးပစ္စည်းကိရိယာများ တပ်ဆင်မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှမိုင်းထောင်ဖောက်ခွဲခြင်းများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်မှုများ ကြောင့် ဧပြီ ၁၀ ရက် ညနေ ၅ နာရီခန့်တွင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့၊ အမှတ်(၃)ရပ်ကွက်နေ မဇင်မြတ်နိုး (၁၂) နှစ်၊ မကြယ်စင်လင်းသန့် (၁၇) နှစ်နှင့် မစင်သီတာသိမ့် (၁၂) နှစ်တို့ သုံးဦးသည်အဆိုပါရပ်ကွက်အနီး သံလွင်မြစ်ကမ်းဘေး၌ ရေကူးရန်သွားရောက်စဉ် အကြမ်းဖက်သမားများ ထောင်ထားသည့် ဒေသန္တရလက်လုပ်နင်းမိုင်း တစ်လုံးအား မဇင်မြတ်နိုးက နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတို့ သုံးဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သည့် ကလေးငယ်များအား ဘားအံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အကြမ်းဖက်သမားများ၏ စဉ်းစားဆင်ခြင် ဉာဏ်ကင်းမဲ့စွာဖြင့် အကြမ်းဖက် လုပ်ဆောင်နေမှုများကို ရပ်ကွက်/ ကျေးရွာလူထုက လွန်စွာရွံမုန်းလျက်ရှိကြောင်းသိရှိရပြီး အကြမ်းဖက်မိုင်းထောင်သူများကို ဥပဒေနှင့်အညီ အမြန်ဆုံးဖော်ထုတ်အရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်