မြန်မာသက္ကရာဇ်အရ နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းသည့် မဟာသင်္ကြန်အခါတော် ကျရောက်လာတော့မည်ဖြစ်သည်။ သင်္ကြန်ဟူသော မြန်မာဝေါဟာရသည် “သင်္ကြန္တ” ဟူသော သက္ကတပုဒ်၊ “သင်္ကန္တ” ဟူသောပါဠိပုဒ်တို့မှ ဆင်းသက်လာခြင်းဖြစ်သည်ဟု ပညာရှင်များက ယူဆကြပြီး အနက်အဓိပ္ပာယ်အားဖြင့် “ပြောင်းရွှေ့ခြင်း၊ ကူးပြောင်းခြင်း” ဟူ၍ ဖြစ်သည်။
သင်္ကြန်၏ နောက်ထပ်အနက်အဓိပ္ပာယ်မှာ ကောင်းခြင်းမင်္ဂလာတို့ တိုးတက်ပွားများလာစေရန် ဆေးကြောသန့်စင်ခြင်းဟူ၍ ဖြစ် သည်။ ရှေးခေတ်မြန်မာဘုရင်တို့ ဦးခေါင်းဆေးလျှော်သည့် မင်္ဂလာ အမှုပြုခြင်းကို သင်္ကြန်ခေါ်သည်ဟုသုံးနှုန်းပြီး ဘုရင်တို့ တစ်ပတ်တစ်ကြိမ် ဦးခေါင်းဆေးလျှော်ခြင်းကို “ပကတိသင်္ကြန်”၊ ဂြိုဟ်စီး ဂြိုဟ်နင်း ညံ့သောအခါ အန္တရာယ်ကင်းပျောက်ပြီး ဘုန်းတန်ခိုး တောက်စေရန် ဦးခေါင်းလျှော်ခြင်းကို “သင်္ကြန်လတ်”၊ ဘိသိက်ခံယူသည့်အခါ ဦးခေါင်းဆေးလျှော်ခြင်းကို “မဟာသင်္ကြန်”ဟူ၍ သင်္ကြန် သုံးမျိုးရှိသည်ဟု သိရသည်။ အထက်ဖော်ပြပါ အနက်အဓိပ္ပာယ်အရ သင်္ကြန်အခါတွင် ခေါင်းလျှော်ခြင်း၊ ရေပက်ဖျန်းကစားခြင်းတို့သည် အဆိုးအညံ့တို့ ပျောက်စေပြီး အကောင်းအသန့်တို့ ရောက်စေရန် ရည်သန်ဆေးကြောခြင်းဟု ဆိုရမည်ဖြစ်သည်။
မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း၌ ပါဝင်ခဲ့ရာ ယခုနှစ်သင်္ကြန်ကို ရိုးရာအစဉ်အလာမပျက် ထူးထူးခြားခြား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် စီစဉ်ဆောင်ရွက်ခဲ့သည်။ သို့ရာတွင် မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွား ခဲ့သည့် မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် နိုင်ငံနှင့် ပြည်သူများ ထိခိုက်ပျက်စီးဆုံးရှုံးမှု ပမာဏကြီးမားစွာဖြစ်ပေါ်ခဲ့ရပြီး ဝမ်းနည်း ဖွယ်ရာကာလတစ်ရပ်ကို ဖြတ်သန်းခဲ့ကြရသည်။ ငလျင်ဘေးဒဏ်သင့် ဒေသမှာ ကြီးမားကျယ်ပြန့်ပြီး မြို့ရွာအများအပြားမှာ ဘေးအန္တရာယ်ကို ခံစားခဲ့ကြရသည့်အလျောက် အပျက်အစီးများ ဖယ်ရှားရှင်းလင်းရေး၊ ပြန်လည်ပြုပြင်ရေး၊ အသစ်ပြန်လည်တည်ဆောက်ရေးစသည်ဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ကြရဦး မည်ဖြစ်ရာ ယခုနှစ်သင်္ကြန်သည် အတီးအမှုတ်၊ အကအခုန်၊ အပျော် အပါးတို့ လွှမ်းသော သင်္ကြန်ပုံရိပ်များကို ဖယ်ရှား၍ မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုဓလေ့စရိုက်နှင့်အညီ ယဉ်ကျေးသိမ်မွေ့သည့်သင်္ကြန်၊ အေးချမ်းသာယာသည့် အေးသင်္ကြန်အဖြစ် ကျင်းပ၍ နှစ်သစ်အတာကူးကြရမည်ဖြစ်သည်။
နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းသည့်ကာလကို မင်္ဂလာအချိန်အခါအဖြစ် သတ်မှတ်ပြီး မင်္ဂလာရှိသောအမှု ကုသိုလ်ကောင်းမှု တို့ပြုကာ နှစ်သစ်ကို စတင်ကြသည်။ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းရာတွင် လူတို့၏ သဘာဝ နှစ်ဟောင်းမှ မကောင်းမှုများ နှစ်သစ်သို့ ပါရှိမလာစေရန်၊ နှစ်သစ်တွင် ကောင်းခြင်းမင်္ဂလာအဖြာဖြာ တို့နှင့် ပြည့်စုံစေရန် မျှော်လင့်ဆုတောင်းမှုတို့ ပြုကြသည်။ ပြက္ခဒိန် သဘောအရ တစ်နှစ်မှတစ်နှစ်သို့ ကူးပြောင်းသွားသည်ဟုဆိုစေကာမူ မိမိတို့၏ နေ့စဉ်ဘဝများတွင် နှစ်ဟောင်းမှ အမွေတို့ကိုဆက်ခံ၍ နှစ်သစ်ကို ဆက်လက်ဖြတ်သန်းကြရခြင်းဖြစ်သည်။
ပြီးခဲ့သည့် နှစ်များအတွင်း မိမိတို့နိုင်ငံသူ၊ နိုင်ငံသားများသည် ကိုဗစ်-၁၉ ကပ်ရောဂါ၊ လက်နက်ကိုင်ပဋိပက္ခများ၊ မိုခါဆိုင်ကလုန်း မုန်တိုင်း၊ ရာဂီတိုင်ဖွန်းမုန်တိုင်း၊ မန္တလေးငလျင်ကြီး စသည့်ဘေးအန္တရာယ်ကြီးများနှင့် ကြုံတွေ့ခဲ့ကြရသည်။ သဘာဝ ဘေးအန္တရာယ်ကြီးများဆိုသည်မှာ ဖြစ်ပေါ်မလာစေရန် တားဆီး၍ မရ။ လက်နက်ကိုင်ပဋိပက္ခများမှာမူ လူတို့ကြောင့်သာ ဖြစ်ပေါ်လာရ ခြင်းဖြစ်ပြီး လူတို့အားဖြင့် တားဆီးဖယ်ရှားပစ်နိုင်သည်။ မြန်မာနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်သည် ငြိမ်းချမ်းရေးဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူအားလုံး၏ တစ်ခုတည်းသော ဆန္ဒအစစ်အမှန်မှာလည်း ငြိမ်းချမ်းရေးပင်ဖြစ်ရာ မိမိတို့ မျှော်လင့်ကြသည့် နှစ်သစ်သည် မင်္ဂလာရှိစွာဖြင့် ငြိမ်းချမ်းသာယာမှုကို ဆောင်ကြဉ်းလာနိုင်ပါစေကြောင်း။ ။