Skip to main content

ခိုင်မြဲသောစည်းလုံးညီညွတ်မှုဖြင့် အရာရာအောင်မြင်စွာကျော်ဖြတ်နိုင်

“သမဂ္ဂါနံ တပေါ သုခေါ” ဆိုသည့် ပါဠိစကားသည် သမဂ္ဂါနံ - ညီညွတ်သော သူတို့၏ တပေါ - အကျင့်သည် သုခေါ - ချမ်းသာခြင်းဟု အဓိပ္ပာယ်ရသည်။ “စည်းလုံးညီညာလျှင် အောင်မြင်မည်” ဆိုသည်နှင့် အဓိပ္ပာယ်အတူတူပင်ဖြစ်သည်။ ဆိုလိုသည်မှာ လူအများသည် အကြောင်းကိစ္စတစ်ခုကို စည်းလုံးညီညွတ်စွာဖြင့် အတူလက်တွဲဆောင်ရွက်ကြပါက အောင်မြင်မှုကိုရနိုင်သည်။ ချမ်းသာသုခကို ရရှိနိုင်သည်ဟု ဆိုခြင်းဖြစ်သည်။ ဤပါဠိတော်လာ ဆိုရိုးစကားသည် စည်းလုံးညီညွတ်မှု၏ အရေးပါသော လေးနက်မှုကိုဖော်ပြသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးတွင် စည်းလုံးညီညွတ်မှုသည် အောင်မြင်မှု၏ အဓိကသော့ချက်ဖြစ်သည်။

မျက်မှောက်ကာလတွင် “အဆိုးထဲမှအကောင်း” ဟု ပြောရမည်ဆိုသလို မမျှော်လင့်ဘဲ ကြုံတွေ့ခဲ့ရသည့် အင်အားပြင်းထန်သော ငလျင်လှုပ်ခတ်မှုကြောင့် ငလျင်ဒဏ်ခံရသည့်ဒေသများမှ ပြည်သူများ ဆင်းရဲဒုက္ခများနှင့် ပူဆွေးသောကများ ကြုံတွေ့ရချိန်တွင် အများပြည်သူအားလုံးတို့၏ တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်မှုဖြင့် စာနာထောက်ထား ရိုင်းပင်းကူညီဆောင်ရွက်ပေးမှုများကြောင့် ထိခိုက်ဆုံးရှုံးနစ်နာ ခံစားကြရသူများမှာ ကျေနပ်ဝမ်းမြောက်ဖြစ်ကြရသည့် သုခခံစားမှုများကို ရရှိခဲ့ကြသည်။ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ဦးဆောင်ဦးရွက်ပြုပြီး ပြည်တွင်း/ ပြည်ပမှ စေတနာရှင်များအားလုံး၏ ကရုဏာရှေ့ထား နေ့မအားညမနား ကူညီဆောင်ရွက်ပေးမှုများကြောင့် အချိန်တိုကာလအတွင်း ကောင်းမွန်သည့်အရွေ့တစ်ခု သို့ ရောက်ရှိလာပြီဖြစ်သည်။

ငလျင်စတင်လှုပ်ခတ်သည့်အချိန်မှစ၍ ငလျင်ဒဏ်သင့်ဒေသအသီးသီးသို့ နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန်နှင့်သူနာပြုဆေးအဖွဲ့များ၊ ပြည်တွင်း/ပြည်ပမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များနှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များ၊ ပြည်တွင်းမှ ပရဟိတအသင်းအဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ တစ်သီးပုဂ္ဂလကူညီကြသူများ၊ မြန်မာနိုင်ငံတစ်ဝန်းမှ အလှူရှင်များ၊ စေတနာရှင်များ၊ မကူညီနိုင်သော်လည်း မေတ္တာစေတနာထားကြသူများ အားလုံးအားလုံးတို့သည် တပေါင်းတစည်းတည်း တစ်ခုတည်းသော စိတ်ထားဖြင့် နေ့စဉ်ရက်ဆက် နေ့နေ့ညည နိုးကြားတက်ကြွစွာပါဝင်လျက်ရှိကြသည်။ ဤသည်မှာ အများပြည်သူဘေးဒုက္ခရောက်ချိန်၌ လူလူချင်းစာနာထောက်ထားမှု စိတ်ခံစားချက်တစ်ခုမှ ပေါ်ထွက်လာသော စည်းလုံးညီညွတ်မှု ပေါင်းစုအင်အား ဖြစ်သည်။

ပြည်သူ ပြည်သားအများစု၏ ပင်ကိုစိတ်ရင်းဟုလည်းဆိုနိုင်သည်။ ဒုက္ခရောက်ချိန်တွင် ကူညီဖေးမတတ်သည့် မြန်မာ့စိတ်ထား၊ လူပီသသော လူသားများ၏ စိတ်ထား။ တစ်ရောင်တည်း၊ တစ်သွေးတည်း၊ တစ်သားတည်း မွန်မြတ်သော စိတ်ထားများပင်ဖြစ်သည်။ ငလျင်ကြီးလှုပ်ခတ်အပြီး အုတ်ကျိုးအုတ်ပဲ့များကြား၌ ပိမိနေကြသည့် အသက်ရှင်သန်နေသူများ၊ သေဆုံးသွားကြသူများအတွက် သောကမီးတောက်လောင်နေချိန် ကူညီကယ်ဆယ်ပေးကြသည့် နိုင်ငံပေါင်း ၂၀ ကျော်မှ တိုင်းတစ်ပါးသားများက ကိုယ်ချင်းစာတရားအပြည့်အဝဖြင့် ကူညီကြသူများအပေါ် မြန်မာတို့၏အစဉ်အလာဖော်ရွေမှု၊ ဧည့်ဝတ်ကျေပွန်မှု၊ ကျေးဇူးတင်တတ်မှု၊ ပြန်လည် ကျေးဇူးဆပ်လိုမှု စသည့် မြန်မာတို့၏စိတ်ရင်းစေတနာမှန်၊ မြန်မာတို့၏ ပင်ကို စိတ်ရင်းများပင်ဖြစ်သည်။ ယင်းတို့ကို နိုင်ငံတကာမှသိရှိလာကြသဖြင့် ဝမ်းမြောက် ဂုဏ်ယူရမည်ဖြစ်သည်။

ပြီးခဲ့သည့်ကာလများက မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများကြောင့် မြန်မာအချင်းချင်း မညီညွတ်မှု၊ ယဉ်ကျေးမှုဓလေ့စရိုက်များပျောက်ပျက်မှု၊ ကြမ်းတမ်း ခက်ထန်သော စက်ဆုပ်ရွံရှာဖွယ်ရာ အဖြစ်အပျက်များဖြစ်ပျက်မှု စသည့်အမြင်မတင့် သော ကိစ္စအဝဝတို့ကြောင့် မြန်မာတို့၏ ပုံရိပ်ကျဆင်းမှုများကို ယခုပေါင်းစုညီညွတ် သော အင်အားများ၊ စာနာထောက်ထား ကူညီဖေးမမှုများ၊ ဝမ်းမြောက်ကြည်နူး ကျေးဇူးတုံ့ပြန်မှုများက ပြန်လည်ချေဖျက်ပေးနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်ဟု ဆိုရမည်။

ငလျင်ကြီးမှ ရရှိလာသောသင်ခန်းစာများ၊ စည်းလုံးညီညွတ်မှုအင်အားများ၊ စိတ်ဓာတ်ခွန်အားများဖြင့် ငလျင်ဘေးသင့်ပြည်သူများအတွက် ပြန်လည်တည်ဆောက်ပေးရေး၊ မူလအခြေအနေမပျက်ရပ်တည်နေထိုင်ရေး၊ ဘဝသစ်တစ်ဖန်ရှင်သန်လာစေရေးစသည်တို့ကို ဆက်လက်ဆောင်ကြဉ်းပေးကြရမည်ဖြစ်သလို မျက်မှောက်ကာလ မြန်မာနိုင်ငံအတွက် အရေးတကြီးလိုအပ်ချက်များဖြစ်သော တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ ထာဝရငြိမ်းချမ်းရေးရရှိရေး၊ စီးပွားရေးတိုးတက်ကောင်းမွန်လာရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် တစ်စိတ်တည်း တစ်ဝမ်းတည်း ဆက်လက်ပူးပေါင်းလက်တွဲ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ စည်းလုံးခြင်းသည်အရာရာတွင် အောင်မြင်မှုရနိုင်သည်ဆိုသကဲ့သို့ မြန်မာတို့ကြုံတွေ့ခဲ့သည့် နာကျင်ခံစားမှုများကို စိတ်ဓာတ်ခွန်အားများအဖြစ် ပြောင်းလဲပြီး မြန်မာဟူသည့်ပုံရိပ် တောက်ပြောင်လာစေရေး၊ မြန်မာဟူသည့် ဂုဏ်ဒြပ်မြင့်မားတိုးတက်လာစေရေး၊ မြန်မာကိုကမ္ဘာတွင် ဝင့်ကြွားပေါ်ထွန်းလာစေရေးအတွက် ခိုင်မြဲသောစည်းလုံးညီညွတ်မှုဖြင့် အရာရာကို အောင်မြင်စွာကျော်ဖြတ်နိုင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။