Skip to main content

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး ကျင်းပ

နေပြည်တော် ဧပြီ ၁၂

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးအမှတ် (၃၁) အစည်းအဝေးခန်းမ(အပေါ်ထပ်)၌ ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဒုတိယဝန်ကြီးဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က မတ် ၂၈ ရက်တွင် မြေငလျင်လှုပ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊ သာသနိကအဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ ရှေးဟောင်းအဆောက်အအုံများ၊ ရုံးအဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများနှင့် ဝန်ထမ်းမိသားစုများ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ထမ်းအချို့တိုက်များနှင့် ဝန်ထမ်းမိသားစုအချို့လည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း။

မိမိတို့သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် နေထိုင်ရန်မသင့်၊ အန္တရာယ်ရှိသည့် တိုက် ၄၃ လုံး၊ အဆောင်ငါးဆောင်၊ ပြန်လည်ပြုပြင်ပါက နေထိုင်နိုင်သည့် တိုက်အလုံး၂၀၊ အဆောင် ၂၂ ဆောင်နှင့် အနည်းငယ်သာပျက်စီးပြီး လက်ရှိနေထိုင်နိုင်သည့် တိုက်လေးလုံးရှိကြောင်း၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များက ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများသို့ သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး ဆေးရုံတက်ရောက်ဒဏ်ရာရသူများနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေ၊ ကြက်ဥ၊ခေါက်ဆွဲခြောက်၊ ရေသန့်ဘူး၊ မုန့်နှင့် အခြားစားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ Solar နှင့် အားသွင်းစက်၊ Inverter သုံးစုံကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း။

ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိခိုက်မှုမရှိစေရန်အတွက် ရှေ့မြက်ခင်းပြင်ပေါ်တွင် ယာယီရုံးဖွင့်လှစ်ပြီး ရုံးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်ခဲ့ကြောင်း၊ ဝန်ထမ်းအိမ်ရာများ ထိခိုက်ပျက်စီးမှုရှိသည့်အတွက် ငလျင်ဒဏ်သင့်ဝန်ထမ်းများကို ဘေးကင်းလုံခြုံသည့်နေရာများသို့ ပြောင်းရွှေ့ ပေးနိုင်ခဲ့ကြောင်း။

ယာယီရွှေ့ပြောင်းနေထိုင်သည့် နေရာများသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး ဝန်ထမ်းတစ်ဦးလျှင် ငွေကျပ်တစ်သိန်း၊ ဆန်ခြောက်ပြည်၊ ဆီတစ်ပိဿာနှင့် အခြားစားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ယခုမန္တလေးငလျင်ကြီးကြောင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဘုရားစေတီ ၅၄၀၂ ဆူ၊ ဘုန်းကြီးကျောင်း ၃၈၄၁ ကျောင်း၊ သီလရှင်ကျောင်း ၁၈၇ ကျောင်းပျက်စီးဆုံးရှုံး ခဲ့ပြီး ရဟန်း ၁၅၉ ပါး၊ သီလရှင် ၅၅ ပါးပျံလွန်တော်မှုကာ ရဟန်း ၁၂၄ ပါး၊ သီလရှင် ၅၃ ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ရဟန်းသုံးပါးပျောက်ဆုံးလျက်ရှိကြောင်း၊ အခြားဘာသာများအနေဖြင့် ခရစ်ယာန် ဘုရားကျောင်း ၅၀၊ဗလီ ၁၃၆ လုံး၊ဟိန္ဒူဘုရားကျောင်း ၂၆ ကျောင်း၊ ဘုံကျောင်းတစ်ကျောင်း ပျက်စီးဆုံးရှုံး ခဲ့ပြီး ခရစ်ယာန်ဘာသာဝင်ကိုးဦး၊ အစ္စလာမ်ဘာသာ ဝင် ၆၇၃ ဦး၊ ဟိန္ဒူ ဘာသာဝင် ၁၆ ဦး သေဆုံးခဲ့ကာ ခရစ်ယာန်ဘာသာဝင်သုံးဦး၊ အစ္စလာမ်ဘာသာဝင် ၄၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အစ္စလာမ်ဘာသာဝင် ၆၃ ဦးပျောက်ဆုံးလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးအေးထွန်းက အဆောက်အအုံများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ အစည်းအဝေးတက်ရောက်ခဲ့သည့် အခြေအနေများနှင့် ငလျင်ဒဏ်သင့်အဆောက်အအုံများ၏ အရောင်သတ်မှတ်မှုများနှင့် ဒုတိယဝန်ကြီးဒေါ်နုမြဇံက ငလျင်ဒဏ်သင့်အဆောက်အအုံများ ပြန်လည်တည်ဆောက်ရာတွင် ရုံးပတ်ဝန်းကျင်အနီးရှိ သင့်လျော်သည့်မြေနေရာတွင် ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများ ပြန်လည်တည်ဆောက်နိုင်ရေး အခြေအနေများကို ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ဆပ်ကော်မတီအသီးသီးတို့က အစားအသောက်နှင့် ထောက်ပံ့ပစ္စည်းများ ဖြန့်ဝေမှု၊ ဝန်ထမ်းမိသားစုများ ရွှေ့ပြောင်းပေးမှု၊ သောက်သုံးရေရရှိရေး၊ ရုံးအဆောက် အအုံများနှင့် အိမ်ရာပျက်စီးဆုံးရှုံးမှုစာရင်းပြုစုထားရှိမှု၊ ဘုရားစေတီများ၊ သာသနိကအဆောက်အအုံများ၊ အခြားဘာသာရေး အဆောက်အအုံများနှင့် ရှေးဟောင်းအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှု စာရင်းပြုစုထားရှိမှုကို ဝိုင်းဝန်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။

သတင်းစဉ်