Skip to main content

မန္တလေးငလျင်ကြီးကြောင့် လယ်ယာကဏ္ဍ၌ ထိခိုက်ခဲ့မှုများ စိုက်ပျိုးရာသီချိန်အမီ ပြန်လည်ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဧပြီ ၁၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဧပြီ ၁၁ ရက် နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဦးစီးဌာနရုံးများနှင့် ဌာနပိုင်အဆောက်အအုံများ၊ ဝန်ထမ်းနေအိမ်များကို အဖွဲ့များခွဲ၍ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အပျက်အစီးများ ဖယ်ရှားရှင်းလင်းရေးနှင့် မွမ်းမံပြင်ဆင်ခြင်း၊ အသစ်ပြန်လည်ဆောက်လုပ်ခြင်း လုပ်ငန်းများကို ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ ဖြစ်စေရေးစိစစ်တင်ပြကြရန်နှင့် အရေးပေါ်ပြင်ဆင်ရမည့် ဝန်ထမ်းနေအိမ်များကို သက်ဆိုင်ရာရုံးချုပ်များ၏ အတည်ပြုချက်ဖြင့် ကြိုတင်ပြင်ဆင်နိုင်ရေးစီမံရန် ဆွေးနွေးမှာကြားသည်။

ထောက်ပံ့ငွေများပေးအပ်

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသည့် စစ်ကိုင်းခရိုင်နှင့် စစ်ကိုင်းမြို့နယ်မှ ဝန်ထမ်း ၃၁၆ ဦးအား စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံးဝင်း၌ သွားရောက်အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

ယင်းနောက် ကျောက်ဆည်မြို့နယ်အင်းကုန်းရှိ စက်မှုလယ်ယာဦးစီးဌာန လယ်ယာသုံးစက်ကိရိယာ စက်ရုံသို့ရောက်ရှိပြီး ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားကာ စက်ရုံမှစမ်းသပ် ထုတ်လုပ်ထားသည့် လူစီးကောက်စိုက်စက် မောင်းနှင်အသုံးပြုမှုကို ကြည့်ရှုစစ်ဆေးသည်။

ထိုစက်ရုံအနေဖြင့် မန္တလေးငလျင်ကြောင့် သာမန်ထိခိုက်မှုသာရှိခဲ့ကြောင်း သိရသည်။ ထိုမှတစ်ဆင့် ဇော်ဂျီရေသောက်စနစ် ငပြောင်ရေလွှဲဆည် နွားတက်မြောင်းမကြီး၏ မြောင်းခွဲတလိုင်းမြောင်းရေသောက်တွင် နွေသီနှံ စိုက်ပျိုးရေပေးဝေမှုကို ကြည့်ရှုစစ်ဆေးသည်။ 

ယခုနှစ်နွေစပါးရာသီတွင် တလိုင်းမြောင်းရေသောက်၌ နွေစပါး ခုနစ်ဧကနှင့် နွေနှမ်း ၈၈၇ ဧကတို့ကို စိုက်ပျိုးရေပေးဝေလျက်ရှိသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝမ်းတွင်းမြို့နယ်ရှိ ကင်းတားဆည်ရေသောက်စနစ် လက်ဝဲမြောင်းမကြီးရှိ စမုံရေငုတ်ပြွန် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ဆောင်ရွက်ဆဲစမုံရေငုတ်ပြွန် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ထိခိုက်ခဲ့မှု၊ မိတ္ထီလာလွင်ပြင် လျှပ်စစ်ရေတင်စီမံကိန်းတွင် နွေစပါးဧက ၁၈၀ အပါအဝင် စုစုပေါင်းနွေသီးနှံ ၆၄၈ ဧကအား ဆက်လက်ရေပေးဝေနိုင်ရန်နှင့်လာမည့် မိုးစပါးရာသီတွင် စပါးစိုက်ဧက ၄၀၀၀ ကို စိုက်ပျိုးရေပေးဝေနိုင်ရန်အတွက် စက်မှု၊ လျှပ်စစ်နှင့် မြို့ပြလုပ်ငန်း ၂၉ ခုကို ပြုပြင်ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ရာသီချိန်အမီ လုပ်ငန်းများပြီးစီးရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြဆောင်ရွက်ရေး၊ ကြိုတင်လုပ်ဆောင်ရမည့် လုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီးရုံး၏ အတည်ပြုချက် ရယူဆောင်ရွက်ရေး၊ ရေသောက်ဧရိယာအတွင်း စိုက်ပျိုးပြီးဖြစ်သည့် နွေသီးနှံများ ထိခိုက်ပျက်စီးမှုမရှိ စေရေးအတွက် ရေပေးမြောင်းများမှ ပြန်လည်ရေပေးဝေနိုင်ချိန်အထိ ဖြစ်နိုင်သမျှ ရေရရှိရေးနည်းလမ်းများဖြင့် စိုက်ပျိုးရေစီမံဆောင်ရွက်ပေးရန်ဆွေးနွေး မှာကြားသည်။

ဇော်ဂျီရေသောက်စနစ်တွင် နွေသီးနှံ ၆၁၉၄၄ ဧကကို စိုက်ပျိုးရေ လျာထားပေးဝေ လျက်ရှိရာ မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးနောက် ရေသောက်စနစ် ထိခိုက်ပျက်စီးခဲ့မှုများကို ပြုပြင်မွမ်းမံနေစဉ် ကာလ၌ နွေသီးနှံများ ပျက်စီးဆုံးရှုံးမှုမရှိစေရန် ဌာနပိုင် ဒီဇယ်အင်ဂျင်များ၊ ဆိုလာပန့်များဖြင့် ဖြည့်စွက်ရေပေးသွင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဆည်ရေသောက်ဧရိယာများတွင် နွေစပါးအဓိက စိုက်ပျိုးနိုင်ရေး တွန်းအားပေးဆောင်ရွက်ရန် တာဝန်ရှိ သူများအား ဆွေးနွေးမှာကြားသည်။

ညနေပိုင်းတွင် မိတ္ထီလာကန်(တောင်ကန်)သို့ ရောက်ရှိပြီး မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ကန်ပေါင်ထိခိုက်ခဲ့မှုနှင့် ပြုပြင်တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပြီး မိုးရွာသွန်းမှုဖြစ်ပေါ်လာပါက ကန်ပေါင်ထိခိုက် ပျက်စီးမှုမရှိစေရေး ကြိုတင်စီမံထားရမည့် နည်းလမ်းများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်