Skip to main content

UMFCCI ၌ Polytechnic Institute ဖွင့်လှစ်ဆောင်ရွက်မည့် ဘာသာရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေး

နေပြည်တော် ဧပြီ ၁၂

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ဧပြီ ၁၁ ရက် တွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)၌ Polytechnic Institute ဖွင့်လှစ်ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရာတွင် လက်ရှိ Industry များတွင် ဆောင်ရွက်လျက်ရှိသည့် ကျွမ်းကျင်မှုဆိုင်ရာနည်းပညာများနှင့်ပတ်သက်၍ ကိုက်ညီမှုရှိစေရန် လိုက်လျောညီထွေဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားနိုင်ရန်နှင့် သက်ဆိုင်ရာလုပ်ငန်းခွင်နယ်ပယ်အလိုက် လိုအပ်ချက် များအပေါ်သိရှိနိုင်ရန်အတွက် ကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်များနှင့် အပြန်အလှန်ညှိနှိုင်းဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်မြို့တောင်ဒဂုံ စက်မှုဇုန်(၁)ရှိ အိမ်သုံး၊ လုပ်ငန်းသုံး Transformer နှင့် ဆက်စပ်ပစ္စည်းများထုတ်လုပ်လျက်ရှိသည့် Hitachi Soe Electric & Machinery Co.,Ltd. လှိုင်သာယာမြို့နယ် စက်မှုဇုန်(၄)ရှိ သမာဓိဆန်စက်နှင့် Energetic Alliances Petroleum Products Co., Ltd. စက်ရုံများသို့သွားရောက်ခဲ့ပြီး အဆိုပါစက်ရုံများတွင် ဆောင်ရွက်လျက်ရှိသည့် နည်းပညာများအပေါ်အခြေခံ၍ လိုက်လျောညီထွေရှိစေမည့် ကျွမ်းကျင်လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးကာ စက်ရုံများအတွင်း လှည့်လည်ကြည့်ရှုသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည်ယနေ့တွင် ရန်ကုန်နည်းပညာတက္ကသိုလ် သို့ရောက်ရှိခဲ့ပြီး ငလျင်ဘေးဒဏ်ဆိုင်ရာ ဆောင်ရွက်သင့်သည့်အချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်များမှ ကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်