နေပြည်တော် ဧပြီ ၁၂
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငလျင်ဘေးသင့်ကျန်းမာရေး ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများနေထိုင်ရန်အတွက် မိုးလုံလေလုံယာယီအိမ်ရာများ ဆောက်လုပ်ရန် လျာထားသောနေရာများဖြစ်သည့် တိုင်းရင်းဆေးပညာဦးစီးဌာန ရုံးအဆောက်အအုံဝန်းကျင်ရှိ နေရာများကိုလည်းကောင်း၊ တိုင်းရင်းဆေးရုံ ဝန်ထမ်း အိမ်ရာများအနီးရှိ မြေကွက်လပ်များနှင့် တိုင်းရင်းဆေးဂိုထောင်အနီးရှိ မြေကွက်လပ်များကို လည်းကောင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်းပိုင်မြေနေရာကိုလည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံးဝင်းအတွင်းရှိ မြေကွက်လပ်များကိုလည်းကောင်း လှည့်လည်ကြည့်ရှုသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံ ရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်းသို့ သွားရောက်၍ မန္တလေးငလျင်ကြီးကြောင့် အဆောက်အအုံများ ပျက်စီးမှုအခြေအနေနှင့် ဝန်ထမ်းနှင့်ဝန်ထမ်း မိသားစုများအတွက် မိုးလုံလေလုံယာယီအိမ်ရာများ ဆောက်လုပ်ရန် လျာထားသည့်နေရာများကိုလည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနပိုင် မြေကွက်လပ်တွင် မိုးလုံလေလုံယာယီအိမ်ရာများ ဆောက်လုပ်ရန်လျာထားသည့်အခြေအနေကို လည်းကောင်း လည့်လည်ကြည့်ရှုသည်။
အဆိုပါနေရာများတွင် မိုးလုံလေလုံယာယီအိမ်ရာများ ဆောက်လုပ်ပြီးပါက ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအား နေရာချပေးရန် လျာထားကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ကျန်းမာရေးဝန်ကြီးဌာန ယာယီရုံး၌ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းကော်မတီ နေ့စဉ်အစည်းအဝေးကိုကျင်းပရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ အမျိုးသားပြန်လည် သန်စွမ်းရေးဆေးရုံကြီးနှင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိခြေတု၊ လက်တုအလုပ်ရုံများမှ ကျွမ်းကျင်သူများပူးပေါင်း၍ ငလျင်ဘေးကြောင့် ခြေ၊ လက်ထိခိုက်သူများအား ခြေတု၊ လက်တုများ အမြန်ဆုံးတပ်ဆင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ငလျင်ဘေးကြောင့် ခြေထောက်ထိခိုက်သူများ ယာယီအသုံးပြုရန် ချိုင်းထောက်များနှင့် အထောက်အကူပြုကိရိယာများ အမြန်ဆုံးပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း။
နိုင်ငံတကာမှဆေးအဖွဲ့များ ပြန်လည်ထွက်ခွာချိန်တွင် အဆိုပါဆေးအဖွဲ့များ၏ ဆေးရုံ၊ ဆေးခန်း နေရာများတွင် ဒေသခံအထူးကုဆရာဝန်များ သို့မဟုတ် ငလျင်ဘေးကင်းလွတ်သည့် တိုင်းဒေသကြီး/ ပြည်နယ်များမှ အထူးကုဆရာဝန်များ ပါဝင်သည့် ဆေးအဖွဲ့များအား တာဝန်ချထားဆောင်ရွက် လျက်ရှိကြောင်း၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများဖြစ်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေးတိုက်ကျွေးခြင်း၊ ခြင်ဆေးဖျန်းခြင်း၊ ဆေးစိမ်ခြင်ထောင်ဖြန့်ဝေခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ ကလိုရင်းဆေးခတ်ခြင်းစသည့် ကူးစက်ရောဂါကာကွယ်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများအား အထူးအလေးထားဆောင်ရွက် လျက်ရှိမှုအခြေအနေများကို အသေးစိတ်ဆွေးနွေးကြသည်။
ဆက်လက်၍ ငလျင်ဘေးဒဏ်ခံစားရသော ဝန်ထမ်းများအား ယာယီနေရာချထားရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ် ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆွေးနွေးညှိနှိုင်းကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုဒဏ် ခံစားရသော ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများ အတွက် အထွေထွေအသုံးပြုရန် မြန်မာသီလဝါ အထူးစီးပွားရေးဇုန် Public Limited မှ ငွေကျပ်သိန်း နှစ်ရာ၊ LD Lucky Day ကုမ္ပဏီလီမိတက်မှ ငွေကျပ်သိန်းတစ်ရာနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ ငွေကျပ်သိန်းနှစ်ရာ ပေးအပ်လှူဒါန်းခြင်းကို လက်ခံခဲ့ကြောင်း သိရသည်။
သတင်းစဉ်