ရန်ကုန် ဧပြီ ၁၂
မတ် ၂၈ ရက်က ထိုင်းနိုင်ငံ ဗန်ကောက်မြို့ Khet Chatuchak နယ်မြေ၌ မြေငလျင်လှုပ်ခတ်၍ ဆောက်လုပ်ဆဲ အဆောက်အအုံ ပြိုကျပျက်စီးမှုကြောင့် ထိခိုက်ဒဏ်ရာရရှိ၍ ဆေးကုသမှုခံယူနေသော မြန်မာအလုပ်သမားများအား နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ဧပြီ ၉ ရက်တွင် သွားရောက် အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာ သံအမတ်ကြီးသည် အလုပ်သမားသံအရာရှိနှင့်အတူ ငလျင်လှုပ်ခတ်၍ အဆောက်အအုံ ပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသဖြင့် Vajira ဆေးရုံ၌ ဆေးကုသ မှုခံယူနေသော ဦးအောင်နိုင်ဝင်း (၂၉) နှစ် (ရမည်းသင်းဇာတိ)နှင့် ဦးဇော်မြင့် (ဧရာဝတီတိုင်းဒေသ ကြီးငပုတောမြို့ဇာတိ)တို့ကို ဧပြီ ၉ ရက်နံနက် ၁၀ နာရီက သွားရောက် အားပေးစကားပြောကြားပြီး မြန်မာသံရုံး မိသားစုက လှူဒါန်းသော ထောက်ပံ့ငွေနှင့် ထိုင်း-မြန်မာ ချစ်ကြည်ရေးအသင်းက လှူဒါန်းသော စားသောက်ဖွယ်ရာများကို ပေးအပ် သည်။
ဆက်လက်၍ Phya Thai ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ဦးသော်ဇင်နိုင် (၄၃) နှစ် (ရန်ကုန် တိုင်းဒေသကြီး တိုက်ကြီးမြို့ဇာတိ)နှင့် ဦးမိုးဝေ (၄၇) နှစ် (ဧရာ ဝတီတိုင်းဒေသကြီး ငပုတောမြို့ဇာတိ)တို့ကို သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားပြီး မြန်မာသံရုံးမိသားစုက လှူဒါန်းသော ထောက်ပံ့ငွေနှင့် ထိုင်း-မြန်မာ ချစ်ကြည်ရေးအသင်းက လှူဒါန်းသော စားသောက်ဖွယ်ရာများကို ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် သံအမတ်ကြီးသည် Khet Chatuchak နယ်မြေ ၌ ငလျင်လှုပ်ခတ်၍ အဆောက် အအုံပြိုကျမှုကြောင့် အသက်ဆုံးရှုံးခဲ့သော ဒေါ်စိန်စိန်ညွန့် (၃၉) နှစ် (တိုက်ကြီးမြို့)၏အစ်ကို ဖြစ်သူ ဦးအောင်ဆန်းဦးကို လည်းကောင်း၊ အသက်ဆုံးရှုံး ခဲ့ရသော ဦးကိုကို (၃၆) နှစ် (မကွေးတိုင်းဒေသကြီး မင်းလှမြို့ ဇာတိ)၏ ဖခင်ဖြစ်သူ ဦးတင်ငွေကိုလည်းကောင်း မြန်မာသံရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ၍ မြန်မာအစိုးရ၏ ကိုယ်စား ဝမ်းနည်းစာနာကြောင်း ပြောကြားပြီး မြန်မာမိသားစုက လှူဒါန်းသောထောက်ပံ့ငွေနှင့် ထိုင်း-မြန်မာချစ်ကြည်ရေးအသင်းက လှူဒါန်းသော စားသောက် ဖွယ်ရာများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်