Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် နေပြည်တော် သံဝေဇနိယလေးဌာနရှိ ဘုရားစေတီများ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အခြေအနေများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၁၂

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများသည် ယနေ့ညနေပိုင်းတွင် ငလျင်ဒဏ်ကြောင့် နေပြည်တော် သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ)စေတီတော်များ၏ ထိခိုက်ပျက်စီးမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သံဝေဇနိယလေးဌာန ဂေါပကအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ သံဝေဇနိယလေးဌာန(ဖွား၊ ပွင့်၊ ဟော၊ စံ)စေတီတော် ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိနှင့် အဖွဲ့ဝင်များအား တွေ့ဆုံပြီး အလှည့်ကျသဘာပတိက ငလျင်ဒဏ်ကြောင့် သံဝေဇနိယလေးဌာနအတွင်းရှိ ဘုရားစေတီများ၊ သာသနိကအဆောက်အအုံများ ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်း တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ကျွမ်းကျင်အင်ဂျင်နီယာပညာရှင်များ၊ ဗိသုကာပညာရှင်များ၊ မြန်မာမှုပညာရှင်များနှင့် အသေးစိတ်ကွင်းဆင်းစစ်ဆေးပြီး အမြန်ဆုံးပြန်လည်ပြုပြင်ထိန်းသိမ်း တည်ဆောက်နိုင်ရေး ကြိုးပမ်းအားထုတ်သွားရန်၊ ဆောင်ရွက်မည့် အစီအမံကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီ တို့သို့တင်ပြ၍ လမ်းညွှန်မှုခံယူဆောင်ရွက်သွားရန် ဂေါပကအဖွဲ့ဝင်များအား မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပွင့်စေတီပရိဝုဏ်ရှိ ပဋ္ဌာန်းဆောင်နှင့် ဘုရားဖူးနားနေဆောင် မြန်မာမှုပန်းကနုတ်များ၊ အင်္ဂတေများ ပြုတ်ကျပျက်စီးမှု၊ ဗုဒ္ဓဂယာကျောင်းနှင့် ကန်ပတ်လမ်း အဝင်ကွန်ကရစ်လမ်းအက်ကွဲမှု၊ ဗုဒ္ဓဂယာဘုန်းတော် ကြီးကျောင်း လှေကားအဆင်း ကွန်ကရစ်လမ်းအက်ကွဲမှု၊ မုစလိန္ဒာကန် အရှေ့ဘက်အဆောင်အောက်ခြေကွဲအက်၍ အခင်းကြွေပြားများ နိမ့်ကျကွဲအက်မှု၊ မဟာဗောဓိစေတီ ဗောဓိညောင်ပင်ရှိ လှေကားအုတ်ခုံနှင့် ကွန်ကရစ်လမ်း ကွဲအက်ပျက်စီးမှုများကို လည်းကောင်း၊ ဟောစေတီပရိဝုဏ်ရှိ ဓမ္မေခစေတီအပေါ်ပိုင်း အုတ်များ၊ အင်္ဂတေများ ကွဲအက်ပျက်စီးမှု၊ အတွင်းပိုင်း မျက်နှာကြက်များ ကွဲကျပျက်စီးမှု၊ ဟောစေတီအတွင်း အခင်းကျောက်ပြားများ ကွဲအက်ပျက်စီးမှုနှင့် အုတ်စည်းရိုး၊ ခြံစည်းရိုးသံပန်းများ ကျိုးပဲ့ပျက်စီးမှု၊ နန္ဒိယကျောင်းဆောင်နှင့် ဓမ္မရာဇိကစေတီ အောက်ခြေအုတ်ခုံနှင့် အုတ်လှေကားများပျက်စီးမှု၊ ဟောစေတီအဝင်ကွန်ကရစ်လမ်းများ ကွဲအက်ပျက်စီးမှု၊ အုတ်နံရံများ ပြိုကျပျက်စီးမှု၊ စံစေတီသို့အထွက် ကွန်ကရစ်လမ်းနှစ်ပေခန့် နိမ့်ကျအက်ကွဲမှု၊ ဟောစေတီဌာန Transformer သေတ္တာလဲကျ၍ မီးလိုင်းများပျက်စီးမှု၊ ဘုရားဖူးနားနေဆောင် မြေကျွံ၍ နားနေဆောင်ကြမ်းခင်း ကွဲအက်ပျက်စီးမှုများကို လည်းကောင်း၊ စံစေတီတော်ပရိဝုဏ် အဝင်သံတံတားလမ်းချော်၍ အဝင်လမ်းကျောက်သားများ ကွဲအက်ပျက်စီးမှု၊ ယာဉ်ရပ်နားကွင်း လမ်းသားကွဲအက်ပျက်စီးမှုနှင့် ရေနုတ်မြောင်းပေါင် ကွဲအက်ပျက်စီးမှု၊ တေဇောဓာတုစေတီတော်လိုဏ်အတွင်းရှိ အောက်ခံကွန်ကရစ်တိုင်များ ကွဲအက်ပျက်စီးမှုများကိုလည်းကောင်း၊ ဖွားစေတီပရိဝုဏ်အုတ်နံရံအက်ကွဲမှု၊ အခင်းကျောက်ပြားများ အက်ကွဲပျက်စီးမှု၊ ရေသန့်စက်ပြိုကျပျက်စီးမှု၊ မယ်တော်မာယာကန် အောက်ခြေအက်ကွဲ၍ ရေယိုစိမ့်မှု၊ ယာဉ်ရပ်နားကွင်း မြေကျွံနိမ့်ကျ အက်ကွဲပျက်စီးမှုများကို အသေးစိတ်ကြည့်ရှု စစ်ဆေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ကျွမ်းကျင်အင်ဂျင်နီယာပညာရှင်များ၊ ဗိသုကာပညာရှင်များ၊ မြန်မာမှုပညာရှင်များနှင့် အသေးစိတ်ကွင်းဆင်းစစ်ဆေးပြီး အမြန်ဆုံးပြန်လည်ပြုပြင်ထိန်းသိမ်း တည်ဆောက်နိုင်ရေး ကြိုးပမ်းအားထုတ်သွားရန် စေတီတော်ဂေါပကအဖွဲ့ဝင်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်