ရန်ကုန် ဧပြီ ၁၂
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲ ကြုံတွေ့ရပါက နိုင်ငံသားများ အပေါ် အလေးအနက်ထား တန်ဖိုးထားသည့်အနေဖြင့် မည်သို့သော အခြေအနေနှင့် တွေ့ကြုံရသည်ဖြစ်စေ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့သည် သက်ဆိုင်ရာသံရုံးများနှင့်ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံးအေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့ရှိ မြန်မာသံရုံးသည် ဆော်ဒီအာရေဗျနိုင်ငံ၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ခဲ့ရပြီး ဆော်ဒီအာရေဗျနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနရှိ အမျိုးသမီးထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား မယုဇနလှိုင်နှင့် မစိုးမိုးသူတို့နှစ်ဦးအား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာသံရုံး၊ မြန်မာကောင်စစ်ဝန်ရုံး၊ ဆော်ဒီအာရေဗျနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနရှိ Al Nadhem Detention Center အမျိုးသမီး ထိန်းသိမ်းရေးစခန်းနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ဧပြီ ၁၂ ရက်တွင် ဆော်ဒီအာရေဗျ နိုင်ငံမှ Riyard - Bangkok - Yangon ခရီးစဉ်ဖြင့် ထွက်ခွာနိုင်ခဲ့ပြီး ထိုနေ့ ည ၉ နာရီ မိနစ် ၄၀ တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။
ပြည်ပတွင် အလုပ်လုပ် ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့၏ ညှိနှိုင်းကူညီဆောင်ရွက်ပေးမှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိရာ ယခုကဲ့သို့ အမိနိုင်ငံသားများ အတိဒုက္ခကြုံတွေ့နေရစဉ် ကူညီ ကယ်တင်ပေးမှုအား အလုပ်သမားနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရ၊ မြန်မာသံရုံးနှင့် မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးတို့အား လှိုက်လှဲစွာ အထူးကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။
သတင်း-ကျော်ကြီး
ဓာတ်ပုံ-မောင်သီ