Skip to main content

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဧပြီ ၁၃

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ အေးမြဝတီရပ်ကွက်၊ ပန်းပဲတန်းရပ်ကွက်နှင့် သောတပန်ရပ်ကွက်တို့ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့်နေရာများ၌ အဆောက်အဦများအား ဖယ်ရှားရှင်းလင်းနေမှု၊ ပိုးတန်းရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမ၌ ငလျင်ဒဏ်သင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးဝေနေမှုနှင့် စစ်ကိုင်းမြို့ပေါ်ရှိ ငလျင်ဘေးသင့်ပြည်သူများ သောက်သုံးရေအဆင်ပြေစေရန်အတွက် တပ်မတော်ရေသန့်စက်ရုံမှ ဧရာဝတီမြစ်ရေကိုသန့်စင်၍ သောက်သုံးရေဖြန့်ဝေပေးနေမှုများကိုလည်းကောင်း၊ သောတပန်ရပ်ကွက်၊ သံပုဏ္ဏာရာမကျောင်းတိုက်၌ ငလျင်ဒဏ်သင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကိုလည်းကောင်း သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်တို့သည် မန္တလေးမြို့၊ IBIS Style Hotel ၌ ထိုင်းနိုင်ငံမှ ကူညီကယ်ဆယ်ရေးနှင့် ဆေးအကူအညီပေးရေးအဖွဲ့အား သွားရောက်တွေ့ဆုံ၍ ငလျင်ဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ဆေးအကူအညီပေးရေးကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်၌ ငလျင်ဘေးသင့်ပြည်သူများအား ထိုင်းနိုင်ငံမှ ဆေးအကူအညီပေးရေးအဖွဲ့များနှင့်ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကိုလည်းကောင်း၊ မန္တလေးမြို့၊ နန်းမြို့ရိုး၌ အပျက်အစီးများ ဖယ်ရှားရှင်းလင်းပြီး ပြန်လည်ပြုပြင်နေမှုများကိုလည်းကောင်း၊ မန္တလေးမြို့ မဟာသုန္ဒရာရာမကျောင်းတိုက်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သောနေရာများ၌ အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုများကိုလည်းကောင်း သွားရောက်ကြည့်ရှု၍ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ငလျင်ဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တာဝန်ရှိသူများသည် ကျောက်ဆည်မြို့ ရန်ကုန်-မန္တလေးလမ်းပေါ်နှင့် အပျက်အစီးနေရာများ၊ ရွှေစေတီဘုန်းတော်ကြီးကျောင်းနှင့် ရွှေဂူချောင်သီလရှင်သင်ပရဟိတဒါန ကျောင်းတိုက်များသို့သွားရောက်၍ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ကျောင်းတိုက်များအတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့မှုများနှင့် ပြန်လည်ပြုပြင်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။