Skip to main content

ဖိလစ်ပိုင်နိုင်ငံမှ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ပြန်လည်ထွက်ခွာ

နေပြည်တော် ဧပြီ ၁၃

မြန်မာနိုင်ငံသို့ ရောက်ရှိနေကြသော ဖိလစ်ပိုင်နိုင်ငံမှ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့များသည် ၎င်းတို့လုပ်ငန်းတာဝန်များပြီးဆုံးသဖြင့် ဖိလစ်ပိုင်နိုင်ငံမှ C-130 အမျိုးအစား လေယာဉ်နှစ်စင်းဖြင့် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ ဖိလစ်ပိုင်နိုင်ငံသို့ ယနေ့နံနက်ပိုင်းတွင် ပြန်လည်ထွက်ခွာကြသည်။

အဆိုပါအဖွဲ့တွင် Lieutenant Colonel Erwen S Diploma Philippine Air Force ဦးဆောင်၍ Philippine Inter-Agency Humanitarian Contingent ဖိလစ်ပိုင်အစိုးရအဖွဲ့ပေါင်းစုံဖြစ်သည့် Office of the Civil Defense Arm Forces of the Philippines Bureau of Fire Protection Metro Manila Development Authority | Department of Environment and Natural Resources Emergency Response Team နှင့် Department of Health စုစုပေါင်း ၈၉ ဦးတို့ပါဝင်ပြီး မြန်မာနိုင်ငံသို့ ဧပြီ ၁ ရက်နေ့က ရောက်ရှိလာသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ ဖြစ်သည်။

အဆိုပါ Urban Search and Rescue (USAR) နှင့် Emergency Medical Assistance အဖွဲ့များသည် နေပြည်တော်ကောင်စီနယ်မြေနှင့် မန္တလေးမြို့တို့၌ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းတို့နှင့် ဆေးကုသရေးလုပ်ငန်းများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံလုပ်အားပေးပြည်သူများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဖိလစ်ပိုင်နိုင်ငံ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် နေပြည်တော်နှင့် မန္တလေးမြို့တို့၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လူသားချင်းစာနာထောက်ထားမှု စိတ်ထားဖြင့် နေ့/ညမပြတ် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူ ၁၀၄၆ ဦးကို ဆေးကုသပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါအဖွဲ့များအား မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး ဦးကျော်ထွန်းနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများက ရင်းရင်းနှီးနှီး ပို့ဆောင်နှုတ်ဆက်ကြသည်။