ရန်ကုန် ဧပြီ ၁၃
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အကြိုနေ့ကို ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းဖြင့် အေးချမ်းသာယာသော မဟာသင်္ကြန်အဖြစ် ကျင်းပလျက်ရှိကြသည်။
ပြည်သူများသည် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းတတ်သူများဖြစ်သည့်အပြင် မြတ်ဗုဒ္ဓ၏အဆုံးအမဖြစ်သည့် အသိ၊ သတိကိုနှလုံးမူကာ ဗုဒ္ဓသာသနာတော်ကြီး နေလို၊ လလို ထွန်းလင်းတောက်ပစေရန်အတွက် ဘုရား၊ ကျောင်းကန်များ၌ ဥပုသ်သီတင်းဆောက်တည်ခြင်း၊ ကုသိုလ်ဒါနဘေးမဲ့လွှတ်ခြင်း၊ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ တရားထူးတရားမြတ်ရရှိစေရန် မဟာသင်္ကြန်ကာလအတွင်း ဖွင့်လှစ်လျက်ရှိသည့် တရားရိပ်သာတရား စခန်းများ၌ တရားထိုင်ခြင်း၊ စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်အကြိုနေ့တွင် သင်္ကြန်မိုးဖွဲလေးရွာသွန်းမှုနှင့်အတူ ထေရဝါဒဗုဒ္ဓသာသနာ၌ သမိုင်းအစဉ်အလာကြီးမားပြီး မြန်မာနိုင်ငံသာမက ကမ္ဘာ့အလယ်တွင် ထင်ရှားကျော်ကြားသည့် တန်ခိုးကြီးစေတီတော်မြတ်ကြီးတစ်ဆူဖြစ်သည့် ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုးများတွင် မိသားစုအလိုက်၊ သူငယ်ချင်းအပေါင်းအသင်းများနှင့် လာရောက်ကြကာ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ကြပြီး မိမိတို့၏ မွေးနံထောင့်များ၌ ရေသပ္ပာယ်ကြကာ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြသည်။
မဟာသင်္ကြန်အကြိုနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဇီဝိတဒါနငါးလွှတ်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးမြောက် ဒဂုံမြို့နယ်ရှိ နတ်ရေကန်၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများက ငါးမြစ်ချင်းကောင်ရေ ၅၀၀၀ ကို နတ်ရေကန်အတွင်းသို့ လွှတ်ပေးခဲ့သည်။
ထို့အတူ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ အလှူရှင်များက စတုဒိသာကျွေးမွေးလှူဒါန်းခြင်းနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝန်ထမ်းမိသားစုများ စုပေါင်း၍ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းတို့ကို သတ်မှတ်နေရာများ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးပြီး ဝန်ထမ်းမိသားစုများအား သပြေခက်ဖြင့် ရေပက်ဖျန်းပေးကြသည်။
ထို့ပြင် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)နှင့် ရခိုင်လူမှုရေး အသင်းအဖွဲ့များက ကြီးမှူးကျင်းပသည့် (၂၂)ကြိမ်မြောက် ရခိုင်ရိုးရာသင်္ကြန် နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပာယ်ပွဲအခမ်းအနားကို ရွှေတိဂုံစေတီတော် အလယ်ပစ္စယံရှိ ရခိုင်ပြည်နယ်ဓမ္မာရုံ၌ ထုံးတမ်းအစဉ်အလာများနှင့်အညီကျင်းပ၍ ဆရာတော်များ၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်)နာယကများ၊ ဥက္ကဋ္ဌ ဦးသန်းမောင်နှင့် တာဝန်ရှိသူများ၊ ရခိုင်လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များက ဘုရားရေသပ္ပာယ် လောင်းလှူပူဇော်ကြပြီး ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
အလားတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် စတုဒိသာကျွေးမွေး လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ် ယာဉ်ရပ်နားနေရာ၌ ကျင်းပ၍ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြသူများကို မုန့်လက်ဆောင်းများဖြင့် အာဟာရဒါနပေးအပ်လှူဒါန်းကြသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် ၃၉ လမ်း နှင့် လမ်း ၄၀ ရှိ ခုနစ်ရက်သားသမီး အလှူရှင်များစုပေါင်းကာ နေ့လယ်စာအဖြစ် ထမင်း၊ ဘဲဥ ဟင်း၊ ပဲဟင်း၊ ငရုတ်သီးကြော်တို့ဖြင့် စတုဒိသာကျွေးမွေးလှူဒါန်းကြသကဲ့သို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်း အထွေထွေအုပ်ချုပ်ရေးရုံးရှေ့ရှိ စတုဒိသာမဏ္ဍပ်၌ မုန့်လုံးရေပေါ်နှင့် ရွှေရင်အေးတို့ ကျွေးမွေးလှူဒါန်းကြသည်။
မဟာသင်္ကြန်အကြိုနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ ရပ်ကွက်များ၌လည်း စတုဒိသာများကျွေးမွေးကာ ကုသိုလ်ဒါနပြုလျက်ရှိကြောင်း သိရသည်။
သတင်း- နေကိုဇော်(သတင်းစဉ်)
ဓာတ်ပုံ-ဇော်မင်းလတ်