မန္တလေး ဧပြီ ၁၃
မန္တလေးငလျင်ကြီးကြောင့် မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ မကိုဋ်တော်အနည်းငယ် တိမ်းစောင်းသွားမှုကို ဧပြီ ၁၂ ရက်တွင် ပြင်ဆင်ပြီး ဖြစ်သောကြောင့် လာရောက်ဖူးမြော်သူအများဆုံးနေ့ဖြစ်သည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရုပ်ပွားတော်ကြီးအား ဖူးမြော်နိုင်ရန် LED Screen နှစ်ခုဖြင့် ပြသစီစဉ်ပေးသွားမည်ဟု မဟာမုနိဂေါပက အတွင်းရေးမှူး ဦးသန်းဦးက ပြောသည်။
ငလျင်ဒဏ်ကြောင့် ဘုရားပရိဝုဏ်အတွင်းရှိ ရှေးဟောင်းအဆောက်အအုံများ ပျက်စီးခဲ့သဖြင့် ရုပ်ပွားတော်ကို အနီးကပ်ဖူးမြော်နိုင်ခြင်းမရှိသောကြောင့် သင့်လျော်သောနေရာတွင် LED Screen ဖြင့် ပြသထားမည်ဖြစ်ကြောင်း သိရသည်။
“မဟာမုနိရုပ်ရှင်တော်ကို လာရောက်ဖူးမြော်သူအများဆုံးက ဝါဆိုလပြည့်နေ့နဲ့ နှစ်ဆန်းတစ်ရက်နေ့ပါ။ လက်ရှိမှာငလျင်ဒဏ်ကြောင့် စိတ်မချရသေးလို့ အတွင်းထဲဝင်ဖူးလို့မရသေးတာကြောင့် လာမယ့်နှစ်ဆန်းတစ်ရက်နေ့မှာ အခြားနယ်ကရော မြို့ပေါ်ကပါ လာရောက်တဲ့အခါ မဟာမုနိရုပ်ရှင်တော်မြတ်ကို ဖူးမြော်ကြည်ညိုနိုင်အောင် LED Screen နဲ့ နေရာနှစ်ခုမှာ ပြသမှာပါ” ဟု ၎င်းက ပြောသည်။
ရုပ်ပွားတော်ကြီး၏ မကိုဋ်တော်ပြင်ဆင်ရာတွင် သြဝါဒါစရိယဆရာတော်များ၊ မြန်မာမှုပညာရှင်များ၊ ပန်းထိမ်ပညာရှင်များစသည့် တာဝန်ရှိသူစုံလင်စွာဖြင့် ကြည့်ရှုစစ်ဆေးပြီး ပြန်လည်ပြင်ဆင် ပြီးစီးခဲ့ကြောင်းနှင့် ရုပ်ပွားတော်ကြီးကိုလည်း မျက်နှာတော်သစ်ခြင်းနှင့် သန့်ရှင်းမှုအားလုံး ဆောင်ရွက်ပြီးစီး၍ မူလအတိုင်း ဖူးမြော်နိုင်ပြီဖြစ်ကြောင်း သိရသည်။
မဟာမုနိရုပ်ရှင်တော်ကို အများပြည်သူအမြန်ဆုံး ဖူးမြော်နိုင်အောင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်လမ်းညွှန်မှု၊ ပံ့ပိုးမှုဖြင့် ဂေါပကအဖွဲ့က ကြိုးစားနေပါတယ်”ဟု ၎င်းက ပြောသည်။
ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်
ငလျင်ဒဏ်ကြောင့် မဟာမုနိရုပ်ရှင်တော်ပရိဝုဏ်မှ သာသနိကအဆောက်အအုံများ ပျက်စီးမှုများရှိခဲ့သဖြင့် သြဝါဒါစရိယဆရာတော်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မြန်မာမှုပညာရှင်များ၊ ပန်းထိမ်ပညာရှင်များနှင့် အတူမဟာမုနိဂေါပကအဖွဲ့တို့ပူးပေါင်း၍ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)