နေပြည်တော် ဧပြီ ၁၄
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့်တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ နန်းဦးမြို့သစ်နှင့် တကောင်းရပ်ကွက်တို့ရှိ ငလျင်ဒဏ်သင့် ပြည်သူများစောင့်ရှောက်ရေးစခန်းတို့မှ ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးဝေနေမှုကိုလည်းကောင်း၊ စစ်ကိုင်းပညာရေးဒီဂရီကောလိပ်၊ ဇိနောဒယပရိယတ္တိ စာသင်တိုက်၊ စိန်မြင့်မိုရ်ကျောင်းတိုက်နှင့် ဇနကာရာမကျောင်းတိုက်တို့၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အဆောက်အအုံများအား စက်ယန္တရားများဖြင့် ကူညီဖယ်ရှားရှင်းလင်းနေမှု ကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တာဝန်ရှိသူများသည် ကျောက်ဆည်မြို့ ရန်ကုန်-မန္တလေးလမ်းပေါ်ရှိ ပြိုကျပျက်စီး အန္တရာယ်ရှိ အဆောက်အအုံများအား ပရဟိတအဖွဲ့များက ရှင်းလင်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ ကျောက်ဆည်မြို့ ရေပေးဝေရေးစခန်းမှရေပေးဝေလျက်ရှိသည့် ရေစုကန်၊ ရေစစ်ကန်များသည် ငလျင်ဒဏ်ကြောင့် အက်ကွဲသွားခဲ့ပြီး ယခုအခါ ပြန်လည်ပြုပြင်ပြီးဖြစ်၍ ရေပေးဝေရေးစခန်းမှ ကျောက်ဆည်မြို့ အတွင်းသို့ ရေများပြန်လည်ဖြန့်ဖြူး ပေးဝေနေမှုအခြေအနေကိုလည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးသည်။
ဆက်လက်၍ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးသန့်နိုင်နှင့် တာဝန်ရှိသူများသည် ကျောက်ဆည်မြို့ စုကြီးရပ်ကွက် ဝေဘူလမ်းပေါ်ရှိ မင်းကုန်းမဟာစာသင်တိုက်မှ ကျောင်းဆောင်များ ပြိုကျပျက်စီးနေမှုကို သွားရောက်ကြည့်ရှုပြီး မင်းကုန်းမဟာကျောင်းဆရာတော်အားဖူးမြော်ကာ ပြန်လည်ပြုပြင်မည့် အစီအမံများကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တာဝန်ရှိသူများသည် ကျောက်ဆည်မြို့ ကြက်မင်း တွန်ဓာတ်အားခွဲစက်ရုံမှ လျှပ်စစ်မီးဖြန့်ဖြူးပေးနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုပြီးခရိုင် လျှပ်စစ်မန်နေဂျာက ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို ပြုပြင်၍ ကျောက်ဆည်မြို့အတွင်း လျှပ်စစ်ဓာတ်အားများ ပြန်လည်ဖြန့်ဖြူးပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့မှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်