နေပြည်တော် ဧပြီ ၁၄
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်မှ ၁၃၈၇ ခုနှစ်သို့ ကူးပြောင်းမည့် နှစ်သစ်အခါသမယတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ ယဉ်ကျေးသိမ်မွေ့ပြီး အေးချမ်းသာယာသည့် နှစ်သစ်ကူးအတာသင်္ကြန်အဖြစ်ကျင်းပ၍ နှစ်သစ်အတာကူးကြသည်။
ယနေ့တွင်ကျရောက်သည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်အကျနေ့တွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌လည်း မြန်မာ့ရိုးရာအတာသင်္ကြန်အကျနေ့ကို မြန်မာ့ရိုးရာအစဉ်အလာများနှင့်အညီ ကျင်းပခဲ့ပြီး တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများပါဝင်ဆင်နွှဲကြသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်းရှိ အတာသင်္ကြန်မဏ္ဍပ်များ၌ မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ သပြေခက်များဖြင့် အတာသင်္ကြန်ရေကို ပက်ဖျန်းပေးပြီး မြန်မာ့ရိုးရာအတာသင်္ကြန်ကို ပါဝင်ဆင်နွှဲကြသည်။
ထိုသို့ မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ကျင်းပချိန်တွင် ပါဝင်ဆင်နွှဲကြသူများကို မြန်မာ့ရိုးရာအတာသင်္ကြန် စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခြင်းများ၊ သနပ်ခါးသင်္ကြန်ဆင်နွှဲခြင်း၊ မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ သက်ကြီးဘိုးဘွားများအား ကုသိုလ်ပြုပူဇော် ကန်တော့ကြခြင်း၊ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်း၊ ငှက်လွှတ်ခြင်းစသည်တို့ကို ပြုလုပ်၍ နှစ်ဦးကုသိုလ်ယူခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်