နေပြည်တော် ဧပြီ ၁၅
နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ရေအေးသင်္ကြန်နှင့် စတုဒိသာမဏ္ဍပ်များဖြင့် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားတောင်ညိုလမ်းပေါ်ရှိ စည်ပင်ဧည့်ရိပ်သာ လမ်းဆုံဧရိယာအတွင်း ယနေ့သင်္ကြန်အကြတ်နေ့ ကိုဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဦးခင်မောင်ရီ၊ ဒေါက်တာစိုးဝင်းနှင့် ဒုတိယဝန်ကြီးဦးရဲတင့်တို့ တက်ရောက်အားပေးကြသည်။
အားပေးစကားပြောကြား
ဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာမှ အဘိုး ၁၀ ဦးနှင့် အဘွား ၁၀ ဦးတို့အား မြန်မာ့ ရိုးရာအစဉ်အလာအတိုင်း တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ပေးနေမှုနှင့် လက်သည်းခြေသည်း ညှပ်ပေးနေမှုတို့ကို ကြည့်ရှုအားပေးပြီး အဘိုးအဘွားများ၏ ကျန်းမာရေးအခြေအနေတို့ကို မေးမြန်းအားပေးစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဒုတိယဝန်ကြီးတို့သည် အဘိုးအဘွားများအား ဂါရဝပြုလက်ဆောင်များ ပေးအပ်လှူဒါန်းပြီး နှစ်ဟောင်းမှ အဆိုးအညံ့များ ပျောက်စေကာနှစ်သစ်တွင် အကောင်းအသန့်များ ရရှိစေရန်အလို့ငှာ သပြေခက်ဖြင့် ရေပက်ဖျန်းပေးကြသည်။
ယင်းနောက် မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်နှင့်အညီ ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနေသည့် ပြည်သူများနှင့် ဝန်ထမ်းများစားသုံးနိုင်ရန် နေပြည်တော်လမ်းလျှောက် သင်္ကြန်စတုဒိသာမဏ္ဍပ်၌ မြန်မာ့ရိုးရာမုန့်များဖြစ်သည့် ရွှေကြည်မုန့်နှင့် မုန့်လက်ဆောင်းများကို ဝေငှပေးကြသည်။
ထို့အတူ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတို့က ကရုဏာကမ္ဘာဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား နေ့လယ်စာအဖြစ် ပဲထမင်းနှင့် ကြက်သားဟင်းလျာများကို ပေးအပ်လှူဒါန်းကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဦးခင်မောင်ရီနှင့် ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ မြန်မာစီးပွားရေးကော်ပို ရေးရှင်း(MEC)မှ တာဝန်ရှိသူများက နေပြည်တော်လမ်းလျှောက်သင်္ကြန်ဧရိယာအတွင်းရှိ အောင်ဘာလေ စတုဒိသာမဏ္ဍပ်၌ ပါဝင်ဆင်နွှဲနေကြသည့် ပြည်သူများအား ရွှေရင်အေးများ၊ ရေဖလားများ၊ ဦးထုပ်များ၊ မျက်နှာသုတ်ပုဝါများနှင့် ဖုန်းထည့်အိတ်များကို ဝေငှပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများနှင့် အလှူရှင်များက နေပြည်တော်လမ်းလျှောက်သင်္ကြန်၌ ပါဝင်ဆင်နွှဲနေကြသည့် ပြည်သူများနေ့လယ်စာအဖြစ် သုံးဆောင်နိုင်ရန် ပဲထမင်းနှင့် ကြက်သားဟင်းလျာဘူး ၁၀၀၀ ကို ဝေငှပေးကြသည်။ မွန်းလွဲပိုင်း တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်လမ်းလျှောက် သင်္ကြန်အတွင်း စိတ်အေးချမ်းသာစွာဖြင့် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနေကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကာ လမ်းလျှောက် သင်္ကြန်ဧရိယာအတွင်းနှစ်ဟောင်းမှ အဆိုးအညံ့တို့ပျောက်စေပြီး အကောင်းအသန့်တို့ ရောက်စေရန်ရည်ရွယ်၍ တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးသိမ်မွေ့စွာ ရေပက်ကစားနေမှုကို လည်းကောင်း၊ ဈေးဆိုင်တန်းများဖွင့်လှစ်ရောင်းချနေမှုကို လည်းကောင်း ကြည့်ရှုအားပေးခဲ့သည်။
သတင်းစဉ်