Skip to main content

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ငလျင်ဒဏ်သင့် ဝန်ထမ်းနှင့် မိသားစုဝင်များ ပြောင်းရွှေ့နေထိုင်နိုင်ရေး ယာယီဘာရှာအဆောက်အအုံများ ဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၁၆

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ ဒုတိယရဲချုပ် (၁) ရဲဗိုလ်ချုပ် တင်ကိုကိုနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဝန်ကြီးရုံး၊ တပ်ဖွဲ့၊ ဦးစီးဌာနများမှ ငလျင်ဒဏ်သင့်ဝန်ထမ်းနှင့် မိသားစုဝင်များ ပြောင်းရွှေ့နေထိုင်နိုင်ရေး ယာယီဘာရှာအဆောက်အအုံများ ဆောက်လုပ်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ ရဲတီးဝိုင်းနှင့် ဖျော်ဖြေရေးဌာနခွဲဝင်းအတွင်း ငလျင်ဒဏ်သင့်ဝန်ထမ်းနှင့် မိသားစုများ ပြောင်းရွှေ့နေထိုင်နိုင်ရန်အတွက် ဆောက်လုပ်လျက်ရှိသည့် ယာယီဘာရှာအဆောက်အအုံများ ဆောက်လုပ်နေမှုအခြေအနေများနှင့် ဆက်လက်ဆောက်လုပ်မည့် လျာထားမြေနေရာများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ယာယီဘာရှာအဆောက်အအုံများတွင် နေထိုင်ကြမည့် ဝန်ထမ်းနှင့် မိသားစုများအတွက် ရေ၊ မီး၊ မိလ္လာစနစ်များ စနစ်တကျဆောင်ရွက်ပေးရန်၊ အဆောက်အအုံများ ပတ်လည်တွင် ရေမဝပ်စေရေး ရေနုတ်မြောင်းများ ဆောင်ရွက်သွားရန်၊ လျှပ်စစ်မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး မီးအားထိန်းစနစ်များ ထည့်သွင်းတပ်ဆင်သွားရန်၊ တည်ဆောက်ရေးလုပ်ငန်းများအား မေလမကုန်မီ ပြီးစီးနိုင်ရေးတွန်းအားပေးဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် မင်္ဂလာသိဒ္ဓိရပ်ကွက် ကံ့ကော်အိမ်ရာသို့ သွားရောက်၍ ငလျင်လှုပ်ခတ်မှုအတွင်း ကြီးမားသောပျက်စီးဆုံးရှုံးမှုများမရှိဘဲ ဆောက်လုပ်ရေးဝန်ကြီးဌာနအဆောက်အဦဦးစီးဌာနမှ စစ်ဆေးရေး အဖွဲ့များ၏ ကြံ့ခိုင်မှုစစ်ဆေးခြင်းလုပ်ငန်းများ ပြီးစီးပြီး ပြန်လည်နေထိုင်ခွင့်ပြုသည့် တိုက်အမှတ် (၂၁၁) နှင့် (၂၁၆) နေအိမ်အဆောက်အအုံများအတွင်း အသေးစိတ်ဝင်ရောက်ကြည့်ရှုစစ်ဆေးကာ အဆိုပါအဆောက်အအုံများ၌ ပြန်လည်နေထိုင်လျက်ရှိသည့် ဝန်ထမ်းနှင့် မိသားစုများအား တွေ့ဆုံအားပေးစကားပြောကြားပြီး လတ်တလောကာလအတွင်း မြို့တော်စည်ပင်မှ ပေးပို့သည့်သုံးရေမရရှိမီ ရေသုံးစွဲမှုအဆင်ပြေစေရေးအတွက် ဌာနပိုင်ရေသယ်ယာဉ်များဖြင့် နေ့စဉ်တစ်နေ့လျှင် နှစ်ကြိမ်နှုန်း အဆောက်အအုံအနီးရှိ ရေလှောင်ကန်များသို့ ရေဖြည့်သွင်းပေးရန်၊ လျှပ်စစ်မီးလိုင်းများအား သေချာစွာပြန်လည်စစ်ဆေး၍ လိုအပ်ပါက အမြန်ပြုပြင်ပေးရန်နှင့် အဆောက်အအုံများအတွင်း အသေးစားထိခိုက်ပျက်စီးမှုများကို ဌာနအစီအစဉ်ဖြင့် ပြုပြင်ဆောင်ရွက်ပေးရန်တို့ကို မှာကြားကာ ဝန်ထမ်းနှင့် မိသားစုများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်