Skip to main content

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဧပြီ ၁၆

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ အသင်္ခယာရိပ်သာရှင်းလင်းဆောင်တွင် စစ်ကိုင်းမြို့ ရေပေးဝေဖြန့်ဖြူးပေးနိုင်မှုအခြေအနေနှင့် လျှပ်စစ်ဓာတ်အားဖြန့်ခွဲပေးနိုင်မှု အခြေအနေများကို တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ ပိုးတန်းရပ်ကွက်၊ တကောင်းရပ်ကွက်နှင့် ပတ္တမြားရပ်ကွက်တို့ရှိ မြို့ရေပေးဝေရေးစက်ရုံများနှင့် မြစ်ရေတင်စက်တို့အားလည်းကောင်း၊ မင်းလမ်းရပ်ကွက်၊ ဇေယျာရပ်ကွက်၊ ပတ္တမြားရပ်ကွက်တို့ရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်သည် တာဝန်ရှိသူများနှင့်အတူ ကျောက်ဆည်မြို့ နည်းပညာတက္ကသိုလ် အဝင်ပေါက်ဝအနားရှိ ပြိုကျပျက်စီးနေသော အန္တရာယ်ရှိ သုံးထပ်တိုက်အဆောက်အအုံအား ဖြိုချရှင်းလင်းဆောင်ရွက်မည့် အစီအမံများ လုပ်ဆောင်နေမှုအပေါ် သွားရောက်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ရွှေသာလျောင်းတောင်ပေါ်ရှိ ကျောက်သေတ္တာစေတီအခြေအနေကို ဒရုန်းဖြင့် ပတ်ပတ်လည်ရိုက်ကူးကြည့်ရှု၍ အသေးစိတ်အခြေအနေများအား မှတ်တမ်းတင်ခဲ့ပြီး ကျောက်သေတ္တာကြီး ကြံ့ခိုင်တည်မြဲစေရေးအတွက် ဆောင်ရွက်သင့်သည့် နည်းပညာအစီအမံများ၊ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်