Skip to main content

ဘူတန်ဘုရင့်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ပျဉ်းမနားမြို့နယ် ညောင်ပင်သာအခြေခံပညာအထက်တန်းကျောင်းနှင့် မဟာဝိသုတာရာမစျေးကုန်းပရိယတ္တိစာသင်တိုက်တို့သို့ ခေတ်မီရေသန့်စင်စက်နှင့် လှူဖွယ်ပစ္စည်းများလှူဒါန်း

နေပြည်တော် ဧပြီ ၁၆

ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ဆေးဝါးကုသပေးရန်အတွက် ရောက်ရှိနေသည့် ဘူတန်ဘုရင့်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ် ညောင်ပင်သာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ခေတ်မီအလိုအလျောက်ရေသန့်စင်စက်နှင့် ရေလီတာ ၂၀၀၀ ဆံ့ ရေတိုင်ကီတို့ကို တပ်ဆင်လှူဒါန်းခဲ့ပြီး အဖွဲ့ခေါင်းဆောင် Dasho Tashi Wangyal က ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများအား လှူဒါန်းရခြင်းအကြောင်းရင်း၊ နေပြည်တော်တွင် ငလျင်ဘေးဒဏ်သင့်လူနာ ၃၀၀၀ ကျော်ကို ဆေးဝါးကုသပေးနိုင်ခဲ့မှုနှင့် သန့်ရှင်းသောသောက်သုံးရေ လိုအပ်လျက်ရှိသည့် နေရာများတွင် ခေတ်မီရေသန့်စင်စက်လေးလုံးတပ်ဆင်လှူဒါန်းပေးမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဘူတန်ဆေးအဖွဲ့သည် ငလျင်ဘေးဒဏ်ကြောင့် ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့ရသည့် ပျဉ်းမနားမြို့ မဟာဝိသုတာရာမစျေးကုန်း ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသထံ အမေရိကန်ဒေါ်လာ ၁၃၀၀၀ ကျော်တန်ဖိုးရှိ ဆွမ်းဆန်တော် ၁၀ အိတ်၊ စားသုံးဆီနှင့် စားသောက်ဖွယ်ရာများ၊ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများကို လှူဒါန်းသည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် ပျဉ်းမနားမြို့နယ်အတွင်း မြေငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆောက်အအုံများအား ဖယ်ရှားရှင်းလင်းနေကြသူများထံ သွားရောက်၍ စောင်၊ ခြင်ထောင်များ၊ အရေးပေါ်ကာကွယ်ရေးဆိုင်ရာ တစ်ကိုယ်ရေသုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းကြသည်။

အဆိုပါ ဘူတန်နိုင်ငံ ဆေးဘက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သည် Air Mandalay Holding Co.,Ltd. မှ စေတနာ့ဝန်ထမ်းများ၏ ပါဝင်ကူညီမှုဖြင့် ပေါင်းလောင်းအားကစားကွင်း၌ ဖွင့်လှစ်ထားသည့် ယာယီဆေးရုံ (ပေါင်းလောင်း) ၌ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူကြီးများ၊ ဆရာဝန်၊ သူနာပြုများနှင့် ပူးပေါင်း၍ ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ဧပြီ ၃ ရက်မှ ယနေ့အထိ အကြီးစားနှင့် အသေးစားခွဲစိတ်ကုသမှုများအပါအဝင် ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ဆေးဝါးကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆေးဝါးကုသပေးရာ၌ နေ့စဉ်အတွင်းလူနာ ၈၀ ကျော်နှင့် ယနေ့အထိ ပြင်ပလူနာပေါင်း ၃၈၅၀ တို့ကို ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ဆေးဝါးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး အကြီးစားနှင့် အသေးစားခွဲစိတ်ကုသမှုပေါင်း ၇၉ ခုကိုလည်း အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

အလားတူ ပျဉ်းမနားမြို့ရှိ ခေမာသီဝံကျောင်းတိုက်နှင့် မစိုးရိမ်ကျောင်းတိုက်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ဗုဒ္ဓရတနာပရဟိတ ပညာဒါနကျောင်းတိုက်နှင့် ပျဉ်းမနားမြို့နယ် ညောင်ပင်သာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း စသည့်သန့်ရှင်းသော သောက်သုံးရေလိုအပ်လျက်ရှိသော နေရာများတွင် ငွေကျပ်သိန်း ၄၅၀ ခန့်တန်ဖိုးရှိ လျှပ်စစ်ဓာတ်အားမလိုအပ်ဘဲ တစ်နေ့လျှင် ရေလီတာ ၁၀၀၀၀ သန့်စင် ပေးနိုင်သည့် ခေတ်မီအလိုအလျောက်ရေသန့်စင်စက်တစ်လုံးစီ၊ လီတာ ၂၀၀၀ ဆံ့ ရေတိုင်ကီတစ်လုံးစီ၊ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ တစ်ကိုယ်ရေသုံးပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို လှူဒါန်းသည်။

ဘူတန်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သည် ယနေ့ညနေပိုင်းတွင် စခန်းပိတ်သိမ်းခဲ့ပြီး ဧပြီ ၁၇ ရက်တွင် ဘူတန်ဘုရင့်နိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

သတင်းစဉ်