Skip to main content

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ သန်လျင်မြို့၊ မင်းကျောင်း ပထမပြန်စာသင်တိုက်၊ ပဓာနနာယကဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ၏ နှစ်သစ်ကူး ဩဝါဒကထာ

“ဗြဟ္မစိုရ်လေးဖြာ ပွားကြပါ”

ယနေ့သည် မြန်မာတို့၏ သက္ကရာဇ်ဖြစ်သော ၁၃၈၆ - ခုနှစ်ဟု    ဆိုအပ်သောနှစ်ဟောင်း ကုန်ပျောက်၍    ၁၃၈၇-ခုနှစ်ဟု    ဆိုအပ်သော နှစ်သစ်မင်္ဂလာသို့ ရောက်ရှိသည့် ကောင်းမြတ်သော မင်္ဂလာရှိသော အချိန်အခါ ဖြစ်ပါသည်။

ဤနှစ်သစ်သို့မရောက်မီ  နှစ်ဟောင်းကုန်ခါနီး အချိန်တွင် မြန်မာပြည်နေရာအနှံ့၌  “လောက ထုံးစံ၊ လောကဓံကား၊ မကြံလည်းဖြစ်၊ ကြံလည်းနစ်၏၊”ဟု ရှေးပညာရှိများ    မိန့်ဆိုတော်မူသော  မိန့်ဆိုမှုနှင့်အညီ  မိမိတို့   မည်သို့မျှ  ထင်မှတ်မထားသော အလွန်ပြင်းထန်သော စိုးရိမ်ကြောက်လန့်ဖွယ် ဖြစ်သော မြေငလျင်ဘေးကြီးနှင့် တွေ့ကြုံခဲ့ကြရာလောကသဘာဝအရ    ဖြစ်ပေါ်ခံစားခဲ့ကြရသော ဤကဲ့သို့သော ဘေးဆိုးကြီးများ  နောင်မဖြစ်ပေါ် မတွေ့ကြုံမခံစား နိုင်ကြပါစေရန် အထူးဆုမွန်ကောင်း တောင်းလျက်  ရဟန်းရှင်လူ၊   ပြည်သူအများတို့ အနာရောဂါများ  ကင်းကြစေရန်၊ဘေးရန်အန္တရာယ် ရန်စွယ်ဟူသမျှတို့မှ   ကင်းဝေးကြစေရန်    ရုပ်ရည်၊ အဆင်းနှင့်    ပြည့်စုံကြစေရန်၊    ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ အသက်ရှည် ခြင်း...စသော အကျိုး တရားများနှင့် ပြည့်စုံနိုင်ကြစေရန်

“ဗြဟ္မစိုရ်လေးဖြာ    တည်ကြခါမှ၊  သတ္တဝါဟူ ဦးမည်းဖြူတို့၊

ရှင်လူခပင်း၊ ရောဂါကင်းလျက်   ဘေးရှင်းရန်ကွာ၊ ဆင်းအင်္ဂါနှင့်၊

ချမ်းသာခွန်အား၊ သက်ရှည်ပွား၏”  ဟူသော မဃဒေဝလင်္ကာသစ်၌

မိန့်ဆိုထားသည်နှင့်အညီ...

- သတ္တဝါတို့၏   စီးပွားချမ်းသာကို   လိုလား သော     အခြင်းအရာအားဖြင့်ဖြစ်သော   မေတ္တာ တရား၊

- ဆင်းရဲနွမ်းပါးသော ဒုက္ခိတ  -  သတ္တဝါများကို မြင်လျှင် ၎င်းတို့၏   ဆင်းရဲဒုက္ခကို   ပယ်လိုသော အားဖြင့် သူတော်ကောင်းတို့၏ စိတ်နှလုံးတုန်လှုပ် ခြင်းကို ပြုတတ်သော ကရုဏာတရား၊

- ချမ်းသာသော   သတ္တဝါတို့ကိုမြင်လျှင် ကြည်လင်ဝမ်းမြောက်တတ်သော  မုဒိတာတရား၊

- သုခဒုက္ခတို့နှင့်မဆန့်ကျင်သည်ဖြစ်၍ အသင့်အလျော်အားဖြင့်   အညီအမျှ  ရှုတတ်သော ဥပေက္ခာတရား။  ဟုဆိုအပ်သော   ဗြဟ္မစိုရ်လေးပါး မြတ်တရားတို့ကို   နှစ်သစ်မင်္ဂလာ   ဤချိန်ခါမှစ၍ အမြဲမပြတ်    ပွားများအားထုတ်တော်မူကြလျက် ပြည်သူ/ပြည်သားများနှင့်     ကမ္ဘာသူ/ကမ္ဘာသား အားလုံး ဘေးရန်ကင်းကွာ  ကျန်းမာချမ်းသာစွာဖြင့်လိုရာဆန္ဒအဝဝတို့ပြည့်စုံနိုင်ကြပါစေကြောင်း မေတ္တာရေ    သွန်းလောင်းကာ   ဆုတောင်းပတ္ထနာ ပြုအပ်ပါသတည်း။