Skip to main content

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ၏ နှစ်သစ်မင်္ဂလာဆုတောင်းစကားများ

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ၏ နှစ်သစ်မင်္ဂလာဆုတောင်းစကားများ

ဦးဝဏ္ဏ၊ ဥက္ကဋ္ဌဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)

ယနေ့ဟာ မြန်မာသက္ကရာဇ်၁၃၈၆ခုနှစ်ကုန်ဆုံးပြီး ၁၃၈၇ ခုနှစ် ကာလသို့ ရောက်ရှိလာသော အခါသမယ ဖြစ်ပါတယ်. . .

ယနေ့၁၃၈၇ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက်နေ့ မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ကြီးက မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားညီအစ်ကို မောင်နှမများ၊ နိုင်ငံသူ/နိုင်ငံသားများနှင့်တကွ ကမ္ဘာသူ/ကမ္ဘာသားများအားလုံးစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနှင့် ပြည့်စုံကြလျက် အေးချမ်းသာယာသော လူ့ဘောင်ဘဝကြီးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဦးစွာဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ကြီး၏ ရှေ့လုပ်ငန်းစဉ်တစ်ခုဖြစ်သော ဘာသာကြီး (၄) ရပ်၏ စုပေါင်းအင်းအားဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ချစ်ကြည်ညီညွတ်စွာ အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဆိုသည့်အတိုင်း-

- သဘာဝဘေးအန္တရာယ် ကျရောက်သည့် ဒေသများသို့ သွားရောက်၍ ဝိုင်းဝန်းကူညီထောက်ပံ့ခြင်း၊

- မျက်စိအခမဲ့ခွဲစိတ်ကုသပေးခြင်း ၊

- သွေးလှူဒါန်းမှုများပြုလုပ်ခြင်း ၊

- အခမဲ့ အသက်မွေးဝမ်းကျောင်းသင်တန်းများ

ဖွင့်လှစ်ပေးခြင်းတို့အား အခါအားလျော်စွာ ဆောင်ရွက်လျက်ရှိသည့်အပြင် ဘာသာကြီး (၄) ရပ်၏ ရိုးရာပွဲတော်များအား စုပေါင်းကျင်းပ၍ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးမှသည် ငြိမ်းချမ်းရေးဆီသို့ဆိုသည့် ဆောင်ပုဒ်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပါတယ်ခင်ဗျာ... ။

ယခုအခါ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့သော မန္တလေးငလျင်ကြောင့် များစွာသော အဆောက်အအုံများ ပျက်စီးခဲ့ရပြီး ပြည်သူများ ထိခိုက်သေဆုံးဒဏ်ရာရသူများစွာဖြစ်ပေါ်ခဲ့တာကို စိတ်မကောင်း စွာတွေ့မြင်ရမှာဖြစ်ပါတယ်။

စည်းလုံးခြင်းသည် အင်အားဖြစ်သည့်အတွက် ကျွန်တော်တို့၏ ကာယ၊ ဉာဏ၊ ဓနများ စုပေါင်းအင်အားဖြင့် ယခုဖြစ်ပေါ်နေသော မြေငလျင်ဒဏ်သင့် ပြည်သူများအတွက်လည်းကောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌လည်းကောင်း ဝိုင်းဝန်းကူညီသယ်ပိုးကြပါ၊ နိုင်ငံတော်တည်ငြိမ်ရေးအတွက် နိုင်ငံသားစိတ်ဓာတ်အပြည့်ဖြင့် ကာကွယ်စောင့်ရှောက်ကြပါ၊ ညီညွတ်ကြပါ၊ အေးချမ်းသာယာသော နိုင်ငံတော်ဖြစ်ပေါ်လာအောင် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းရင်းမြန်မာနိုင်ငံကြီး အေးချမ်းသာယာပါစေကြောင်း၊ ငြိမ်းချမ်းပါစေကြောင်း ထပ်လောင်းဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ။

ဦးဇော်ဇော်နိုင် (ဟိန္ဒူဘာသာ)

ဒုတိယဥက္ကဋ္ဌ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)

၁၃၈၆ ခုနှစ် ကုန်ဆုံး၍ ၁၃၈၇ ခုနှစ်ကာလသို့ ရောက်ရှိလာသော နှစ်ဆန်း (၁) ရက်နေ့ နှစ်သစ်မင်္ဂလာမှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေ၊ ဂေါတမမြတ်စွာဘုရားရဲ့ မေတ္တာကြောင့် တိုင်းပြည်အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ပါစေ၊ မဟာပိန္နဲဘုရားရဲ့ မေတ္တာကြောင့် ပြည်တွင်း၊ ပြည်ပရန်များ ကင်းရှင်းပြီး ဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံတော်ကြီးဖြစ်ပါစေ။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားပေါင်းစုံနဲ့ လူမျိုးပေါင်းစုံနဲ့ ချစ်ခင်ရင်းနှီးစွာနေ ထိုင်ကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပြည်သူတွေရဲ့ လူမှုစီးပွားဘဝများ ထိခိုက်ပျက်စီးပြီး စိတ်မကောင်းစရာ၊ စိတ်ထိခိုက်စရာများစွာ တွေ့ကြုံခဲ့ရတာကို သိမြင်ခံစားရပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့လည်း အခက်အခဲများစွာနဲ့ ရင်ဆိုင်ဖြေရှင်းနေရတာကို သိမြင်ခံစားရပါတယ်။ မန္တလေးငလျင်ကြီး ထိခိုက်ခံစားမှုကို ပြန်လည်တည်ဆောက်ရာတွင်လည်း ကျွန်တော်တို့အသင်းအနေနဲ့ တတ်နိုင်တဲ့ဘက်က အုတ်တစ်ချပ်သဲတစ်ပွင့်အနေဖြင့် ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ကိုယ်ရော စိတ်ပါကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်ကောင်းတောင်းပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အနာဂတ်ရတနာလူငယ်တွေအတွက် အလုပ်များ များလုပ်ပေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ မေတ္တာတရားများများထားပြီး အလုပ်ကို ကြိုးစားဆောင်ရွက်ပြီး အခက်အခဲတွေကို ကျော်လွှားနိုင်ပါစေ၊ နိုင်ငံတော်၏ အနာဂတ်လူငယ်တွေရဲ့ အခွင့်အလမ်းတွေအတွက် မိမိတို့ရဲ့ မတူညီတာတွေဖယ်ရှားပြီး စည်းလုံးညွတ်စွာဖြင့် သာယာအေးချမ်းတဲ့ နိုင်ငံတည်ဆောက်ရေးအတွက် အားလုံးဝိုင်းဝန်းကူညီသယ်ပိုးဆောင်ရွက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ဦးတူးတူး (ခရစ်ယာန်ဘာသာ)

ဒုတိယဥက္ကဌ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ကုန်ဆုံးပြီး ၁၃၈၇ခုနှစ် နှစ်သစ်အခါသမယမှာ မြန်မာနိုင်ငံသူ/ နိုင်ငံသားများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပါစေကြောင်း ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးတူးတူး (ခရစ်ယာန်ဘာသာ) အနေနဲ့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ။

ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့သည် လူမျိုးမတူ၊ ဘာသာမတူ၊ အယူအဆမတူကြသူတွေ မေတ္တာတရားကို အခြေခံထားကာ အမိမြန်မာနိုင်ငံတော်အတွင်း တစ်မြေတည်းနေတစ်ရေတည်းသောက်ပြီး အေးချမ်းပျော်ရွှင်စွာနေထိုင်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။

နိုင်ငံအတွင်း ငလျင်သဘာဝဘေးအန္တရာယ်ကြုံတွေ့ခံစားခဲ့ရသည့် ပြည်သူတွေအတွက် မိမိတို့ဘာသာ ပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့က ကျရာအခန်းကဏ္ဍကနေ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

မိမိတို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့အနေနှင့်လည်း နိုင်ငံတော်အတွက် လိုအပ်သော တည်ငြိမ်အေးချမ်းသာယာရေးအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျွန်တော်တို့ ခရစ်ယာန်ဘာသာဝင်တွေကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။

အခုလိုနှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးအခါသမယမှာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ထောင်ရေးအတွက် မြန်မာနိုင်ငံသူ/နိုင်ငံသားများအားလုံး ဝိုင်းဝန်းကူညီသယ်ပိုးထမ်းဆောင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ အားလုံးနှစ်သစ်မှာ လိုအင်ဆန္ဒပြည့်ဝကြပါစေ။ ဘုရားသခင်ကောင်းချီးပေးပါစေ။

ကျွန်တော်ကတော့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) မှ ဒုတိယဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်း (အစ္စလာမ်ဘာသာဝင်) ဖြစ်ပါတယ်။ ယခုလို ၁၃၈၆ ခုနှစ်ကုန်ဆုံးပြီး ၁၃၈၇ ခုနှစ် ရောက်ရှိလာတဲ့ နှစ်သစ်ကာလမှာ မြန်မာနိုင်ငံသူ/ မြန်မာနိုင်ငံသားများအားလုံး ဘေးဘယာဝေးကွာ၍ ကျန်းမာချမ်းသာပါစေကြောင်း အစ္စလာမ်ဘာသာဝင်များကိုယ်စား ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ။

ဦးအောင်ဇော်ဝင်း (အစ္စလာမ်ဘာသာ) ဒုတိယဥက္ကဋ္ဌ

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)

ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသူတိုင်းရဲ့ လူမှုရေး၊ စီးပွားရေး၊ ဘဝလုံခြုံရေးပြည့်စုံစေရန်အတွက် အလိုအပ်ဆုံးဖြစ်တဲ့ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ကျွန်တော်တို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ကြီးနှင့်အတူ အစ္စလာမ်ဘာသာဝင်များကလည်း မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ မတူကွဲပြားသော ဓလေ့ထုံးထမ်းအစဉ်အလာများ၊ ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှုစရိုက်လက္ခဏာ များအားလုံးကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်လျက် အေးအတူပူအမျှအတူတကွ ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်ခင်ဗျာ။

အခုလို နိုင်ငံတော်အတွင်းကြုံတွေ့ခံစားခဲ့ရသော ငလျင်သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားနေရသည့် ဒေသများအတွက်လည်း မိမိတို့ အစ္စလာမ်ဘာသာဝင်များကလည်း တတ်အားသရွေ့ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။

ထို့အတူ ကျွန်တော်တို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အဖွဲ့ကြီးအနေနဲ့ အမိမြန်မာနိုင်ငံတော်အတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ ကမ္ဘာသူ/ကမ္ဘာသားများအားလုံး အန္တရာယ်အပေါင်းမှ ကင်းဝေးပြီး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ၊ မိသားစုအကျိုး၊ နိုင်ငံအကျိုး၊ ဘာသာသာသနာအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ကြပါစေ ကိုးကွယ်ရာ ဘာသာကြီး (၄) ရပ်၏ တူညီသော သစ္စာတရား၊ မေတ္တာတရားများဖြင့် နှစ်သစ်ကူးကြိုဆိုကြဖို့ နှစ်သစ်ကူးဆုတောင်းမေတ္တာပို့သအပ်ပါတယ်။