မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကား
ဦးရဲထွန်း
ဥက္ကဋ္ဌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကား
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း နေထိုင်ကြသော ရဟန်းရှင်လူ၊ မိဘပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေကြောင်းနှင့် မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
၁၃၈၇ ခုနှစ် တန်ခူးလပြည့်ကျော် ၅ ရက်နေ့တွင် ကျရောက်သော နှစ်သစ်ကူးအခါသမယသို့ မရောက်မီ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်းဒေသကြီးတို့နဲ့ ရှမ်းပြည်နယ်တို့တွင် ပြည်သူများ ထိခိုက်သေဆုံးဒဏ်ရာရပျောက်ဆုံးခြင်း နေအိမ်အဆောက်အအုံတွေ ပျက်စီးခြင်း လူမှုစီးပွားဘဝထိခိုက်ပျက်စီးခြင်းတွေ ကြုံတွေခဲ့ကြရသည့်အတွက် ကျွန်တော်တို့ အသင်းကြီးအနေဖြင့် မိဘပြည်သူများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။
အသင်းကြီးအနေဖြင့်လည်း တိုင်းဒေသကြီး ပြည်နယ်အလိုက် ဖွဲ့စည်းထားသည့် ပြည်သူ့လုံခြုံရေးနှင့် ဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့များအား စုစည်း၍ ငလျင်ဘေးသင့်ဒေသများသို့ စေလွှတ်ပြီး ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ခြင်း စား၊ ရေ၊ ရိက္ခာ၊ အဝတ်အစားများ ထောက်ပံ့ခြင်း၊ အခြေခံလူသုံးကုန်ပစ္စည်းများ ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။
မိဘပြည်သူများ ခင်ဗျာ
ကျွန်တော်တို့ အသင်းကြီးအနေဖြင့် ငလျင်ဒဏ်ခံစားခဲ့ရသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း ဆက်လက်ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်အခါသမယသို့ ရောက်ရှိလာပြီဖြစ်သော ယနေ့မြန်မာနှစ်ဆန်း (၁) ရက်နေ့မှစ၍ မိဘပြည်သူ၊ အစိုးရ၊ တပ်မတော်နှင့် YMBA အသင်းကြီးတို့ စည်းလုံးညီညွတ်မှုအားကိုယူပြီး ငလျင်ဘေးသင့်ဒေသများကို အမြန်ဆုံး ပြန်လည်တည်ဆောက်ကြပါစို့လို့ ပြောကြားရင်း မြန်မာနှစ်သစ်ကူးအခါသမယမှာ အေးချမ်းသာယာသော မြန်မာနိုင်ငံတော်ကြီး ဖြစ်ပါစေကြောင်းနှင့် မိဘပြည်သူများအားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ကျွန်တော်၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားကို နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။