နှစ်သစ်မင်္ဂလာဆုတောင်း
ဒေါက်တာတင်ထွန်းဦး ဥက္ကဋ္ဌ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ နှစ်သစ်မင်္ဂလာဆုတောင်း
ပြီးခဲ့တဲ့ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ကုန်ခါနီး မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့တဲ့အလွန် ပြင်းထန်လှတဲ့ မန္တလေးငလျင်ကြီးရဲ့ ဘေးဒဏ်ကြောင့် ပြည်သူလူထုအများအပြား၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြရတယ်။
အဲဒီအတွက် ပြည်သူတွေနဲ့အတူ များစွာဝမ်းနည်းကြေကွဲရပါတယ်။ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို တက်ညီလက်ညီဝိုင်းဝန်းဆောင်ရွက်ခဲ့ကြတဲ့အတွက် အားရမိပါတယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေတာကိုလည်း သိရှိရပါတယ်။
ဘေးဒုက္ခအန္တရာယ်တွေနဲ့ ရင်ဆိုင်တွေ့ကြုံခဲ့ကြရတဲ့ ပြည်သူတွေအနေနဲ့ စိတ်ဓာတ်မကျဘဲ “လဲရင်ပြန်ထမယ်” ဆိုတဲ့ စိတ်ထားရှိပြီး အားတင်းကာ ကြံ့ကြံ့ခိုင်ရင်ဆိုင်ကြစေချင်ပါတယ်။ ကြိုးစားပြီး ပြန်လည်နိုးထနိုင်ကြဖို့လည်း မျှော်လင့်ပါတယ်။
ဒါကြောင့် အခုလိုမင်္ဂလာရှိလှတဲ့ မြန်မာ သက္ကရာဇ် ၁၃၈၇ ခုနှစ် နှစ်ဆန်းချိန်ခါမှစ၍ တစ်နှစ်တာ ကာလတစ်ခုလုံးမှာ -
မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး-
- သဘာဝဘေးအန္တရာယ်အပါအဝင် ဘေးအန္တရာယ်အသွယ်သွယ်မှ ကင်းဝေးကြပါစေလို့ အဓိကဆုတောင်းပေးချင်ပါတယ်၊
- ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နဲ့ ပြည့်စုံနိုင်ကြပါစေ၊
- စိတ်သွားတိုင်းကိုယ်ပါ၍ လိုရာဆန္ဒများ ပြည့်ဝကြပါစေလို့လည်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။
ဒါ့ပြင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး တစ်ခုလုံး
- နိုင်ငံအနှံ့ တည်ငြိမ်အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီး ဖြစ်ပါစေ၊
- ပြည်ထောင်စုကြီး ထာဝရအဓွန့်ရှည် တည်တံ့ခိုင်မြဲပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေနဲ့လည်း
- သတင်းမီဒီယာလောကကြီး ပိုမိုဖွံ့ဖြိုး တိုးတက်လာအောင် ကြိုးစားလုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်၊
- ဒါ့ပြင် နိုင်ငံနဲ့ပြည်သူ့အကျိုးအတွက် သတင်းမီဒီယာကဏ္ဍကနေ အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သွားကြမှာဖြစ်ပါကြောင်း သတင်းစကားပါးလိုက်ရပါတယ်။