Skip to main content

စီးပွားရေးလုပ်ငန်းရှင်များ၏ နှစ်သစ်ကူး ဆုတောင်း

ဦးအေးဝင်း

(ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ)

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်နေ့မှာ ကျရောက်တဲ့ နှစ်သစ်ကူး အခါသမယမှာ မြန်မာပြည်သူပြည်သား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

လတ်တလော အင်အားပြင်းငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ငလျင်ဒဏ်သင့်ဒေသက ပြည်သူတွေအတွက် များစွာစိတ်မချမ်းမြေ့ဖြစ်ရပါတယ်။ ကုန်သည်စက်မှုအသင်းချုပ်အနေနဲ့ ငလျင်ဒဏ်သင့်ပြည်သူတွေနဲ့ တစ်သားတည်းရှိပြီး ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆက်စပ်အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အသင်းသူ အသင်းသားတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပါတယ်။

ကုန်သည်စက်မှုအသင်းချုပ်ရဲ့ မူလမျှော်မှန်းချက်နဲ့ ရှေ့လုပ်ငန်းစဉ်များအတိုင်း ရေရှည်တည်တံ့တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာမှာ ကောင်းမွန်တဲ့ စီးပွားရေးဝန်းကျင်ကို ဖန်တီးပေးနိုင်ဖို့ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ချိတ်ဆက်မှုတွေကို လာမယ့်နှစ်သစ်မှာ တိုးမြှင့်ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။

မြန်မာ့နှစ်သစ်ကူး အခါသမယမှာ မြန်မာပြည်သူပြည်သားတွေအားလုံး ဘေးဘယာကင်းကွာပြီး စီးပွားရေးဆတက်ထမ်းပိုးတိုးတက်ပါစေကြောင်းနဲ့ သာယာချမ်းမြေ့သော မင်္ဂလာနှစ်သစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ဒေါ်ခိုင်ခိုင်နွယ် (UMFCCI အထွေထွေအတွင်းရေးမှူးချုပ်)

နှစ်ဟောင်းကုန်ပြီး နှစ်သစ်ကူးပြောင်းတဲ့ အခါသမယဖြစ်ပါတယ်။ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့နှစ်သစ်ကူးအခါသမယမှာ မြန်မာပြည်သူပြည်သား ခုနစ်ရက်သားသမီးတွေအားလုံး၊ မြန်မာပြည်အတွင်း မှီတင်းနေထိုင်ကြသူတွေအားလုံး၊ လုပ်သားပြည်သူတွေအားလုံး ကိုယ်ကျန်းမာစိတ်ချမ်းသာစွာဖြင့် ပျော်ရွှင်ဖွယ်နေ့ရက်များကို တောက်ပသော အောင်မြင်မှုတွေနဲ့အတူ လျှောက်လှမ်းနိုင်ကြပါစေ။ အခွင့်အလမ်းသစ်များစွာနဲ့ အေးချမ်းသာယာဝပြောကြပါစေ၊ ကပ်သုံးပါးဘေးအမြန်ဝေးပြီး မင်္ဂလာအ‌ပေါင်း ခညောင်းသော နှစ်သစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ဦးရန်နိုင်ထွန်း (သီလဝါအထူးစီးပွားရေးဇုန် ဥက္ကဋ္ဌ)

နိုင်ငံတော်ရဲ့ စီးပွားရေးဦးတည်ချက်များနဲ့အညီ သီလဝါအထူးစီးပွားရေးဇုန်ကို တည်ဆောက်အကောင်အထည်ဖော်ခဲ့ရာမှာ ၁၀ နှစ်ကာလ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ သီလဝါအထူးစီးပွား ရေးဇုန်အနေနဲ့ နိုင်ငံတော်ရဲ့ GDP တိုးတက်စေရေး၊ ပို့ကုန်မြှင့်တင်နိုင်ရေး၊ နိုင်ငံတော်အတွက် သတ်မှတ်အခွန်အခများ အပြည့်အဝရရှိရေး၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့အညီ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ အထောက်အကူပြုနိုင်ခဲ့ပါတယ်။

 ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ မြေငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေအတွက် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့အတွက် သီလဝါအထူးစီးပွားရေးဇုန်ရှိ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ငွေကျပ်သိန်း ၃၆၀၀၀ ခန့်နဲ့ ပစ္စည်းတွေ လှူဒါန်းပေးနိုင်ခဲ့ပါတယ်။

မြန်မာနှစ်သစ်ကူးကာလမှစပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်နဲ့ မြန်မာပြည်သူ၊ ပြည်သားအပေါင်း ဘေးဥပဒ်အန္တရာယ်တွေ ကင်းရှင်းပြီး တည်ငြိမ်အေးချမ်းစွာနဲ့ တိုးတက်အောင်မြင်မှုတွေနဲ့ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနဲ့ ရင်းနှီးမြှုပ်နှံသူများက ဆုမွန်ကောင်းတောင်းမေတ္တာပို့သအပ်ပါတယ်။

ဦးဆန်းလင်း (မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ)

မြန်မာ့နှစ်သစ်ကူး အခါသမယမှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ ချစ်ခြင်းမေတ္တာ၊ စည်းလုံးညီညွတ်မှုနဲ့အတူ ရပ်တည်နိုင်ကြပါစေ။ ငလျင်ဘေးအန္တရာယ်ကျရောက်တဲ့ ဒေသများသည်လည်း လုံခြုံပျော်ရွှင်စရာ အခြေအနေကို ပြန်လည်ရောက်ရှိပြီး စိတ်ဓာတ်ခိုင်မာစွာဖြင့် ပြန်လည်ထူထောင်နိုင်ကြပါစေ။

မြန်မာပြည်သူ၊ ပြည်သားတွေနဲ့တကွ ကမ္ဘာသူကမ္ဘာသားအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ငြိမ်းချမ်းသာယာသော အနာဂတ်ကို အတူတကွဖန်တီးနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သပါတယ်။

ဦးမြင့်စိုး (အထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ)

မြန်မာ့နှစ်သစ်ကူး အခါသမယမှာ ပြည်သူအပေါင်း ကိုယ်စိတ်နှလုံးအေးချမ်းသာယာပြီး ဘေးရန်ကင်းကွာ ကောင်းကျိုးဖြာချမ်းသာ ကိုယ်စိတ်မြဲပါစေ။ ငလျင်ဒဏ်ဘေးသောကဝေး၍ ကောင်းကျိုးပြည့်စုံ ကုသိုလ်စုံကာ တစ်ယောက်တစ်လက်ဖေးမတွဲကူ အောင်မြင်မှုများ ထွေးပိုက်မွှေးကြိုင်သင်းပျံ့နိုင်ပါစေ၊ နိုင်ငံဖွံ့ဖြိုးအားသစ်တိုး ၍ စည်းလုံးပျော်ရွှင် ပြည်မြန်မာတွင် ညီနောင်တိုင်းရင်းဆွေမျိုးရင်းပမာ ဖေးမကူညီရှေ့သို့ချီမည် ရွှေရောင်လွှမ်းနိုင်ပါစေကြောင်း အထည်ချုပ်လုပ်ငန်းမှ လုပ်သားတွေ၊ လုပ်ငန်းရှင်တွေနဲ့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ဦးမျိုးမြင့် (ဥက္ကဋ္ဌ-MKT ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်)

အခုလာမယ့် မြန်မာနှစ်သစ်မှာ မြန်မာပြည်သူ ပြည်သားအများစုခံစားနေရတဲ့ ဘေးအန္တရာယ်အပေါင်းကနေ ကင်းဝေးနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Covid -19 ဖြစ်ခဲ့တယ်၊ မိုခါမုန်တိုင်းဖြစ်ခဲ့တယ်၊ ထိုနည်းတူစွာ ရေကြီးရေလျှံမှုတွေ၊ နိုင်ငံရေးအခြေအနေ အကြောင်းအမျိုးမျိုးတွေကြောင့်ရယ်၊ အခုငလျင်ဘေးတွေဖြစ်ခဲ့တာတွေကြောင့် စီးပွားရေး၊ လူမှုရေးတွေ ထိခိုက်မှုတွေရှိခဲ့တယ်။ ယခုနှစ်သစ်ကစပြီးတော့ ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ဘေးဒုက္ခအပေါင်းကနေ ကင်းဝေးပြီး ကောင်းကျိုးချမ်းသာတွေ ရရှိနိုင်ကြပါစေ၊ နောက်နောင်လဲ သဘာဝဘေးတွေကနေ ကင်းဝေးကြပါစေ၊ ယခုနှစ်သစ်ကစပြီးကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးတွေ၊ အလုပ်အကိုင်အခွင့် အလမ်းတွေ များစွာတိုးတက်ပြီး မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

ဦးကံညွန့် (ဥက္ကဋ္ဌ- မြန်မာနိုင်ငံလုံးဆိုင်ရာ ဖိနပ် လုပ်ငန်းရှင်များဗဟိုအဖွဲ့ချုပ်)

မင်္ဂလာရှိတဲ့ နှစ်သစ်အခါသမယမှာ မြန်မာပြည်သူပြည်သားအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ငလျင်ဘေးအန္တရာယ်ကြုံတွေ့ခံစားနေရတဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံးအတွက် များစွာစိတ်မကောင်းဖြစ်မိပါတယ်။ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ဝိုင်းဝန်းကူညီပေးနေကြသူအားလုံးကိုလည်း အထူးကျေးဇူးတင်မိပါတယ်၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာလည်း အခုထက်ပိုပြီး စည်းစည်းလုံးလုံးနဲ့ တတ်နိုင်တဲ့ နေရာကနေပါဝင်ပြီး ဆောင်ရွက်ပေးကြဖို့ကိုလည်း မေတ္တာရပ်ခံချင်ပါတယ်။ နှစ်သစ်ကနေစပြီး မြန်မာနိုင်ငံကြီး စီးပွားရေး၊ နိုင်ငံရေးလူမှုရေးတွေ အစစအရာရာကောင်းမွန်တိုးတက်ပါစေလို့ နိုင်ငံသားတစ်ယောက်အနေနဲ့ များစွာမျှော်လင့်တောင့်တဆုတောင်းမိပါတယ်။

ဦးနန္ဒကျော် ( ဥက္ကဋ္ဌ -မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း)

နှစ်သစ်အခါသမယမှာ မြန်မာပြည်သူပြည်သားအပေါင်း ဘေးဘယာဝေးကွာပြီး ကျန်းမာရွှင်လန်း၍ စီးပွားလာဘ်လာဘများ တိုးတက်ကြပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်းပို့သအပ်ပါတယ်။ နှစ်သစ်ကူးအခါသမယမမှာ ကပ်ဘေးတွေကနေ ကျော်လွှားပြီး အေးချမ်းသာယာကြပါစေ။

အားလုံးကိုယ်စိတ်နှစ်ဖြာ၊ ကျန်းမာချမ်းသာ၊ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ဥစ္စာဓနဖြိုးကြွယ်ဝပြီး နေ့ရက်တိုင်းမှာ ပြုံးပျော်ရွှင်လန်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ဦးကျော်စွာထွန်းမြင့် (အထွေထွေအတွင်းရေးမှူး၊ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူး ရောင်းချရေးလုပ်ငန်းရှင်များအသင်း- MAMDA )

ယနေ့မှာကျရောက်တဲ့ မြန်မာနှစ်ဆန်း (၁) ရက်နေ့မှစလို့ ကုန်လွန်ခဲ့သော နှစ်ဟောင်းမှာ ဆိုးရွားစွာ ကြုံတွေ့ရသည့် သဘာဝဘေးဒဏ်ငလျင် ဘေးနဲ့အတူကပ်ဘေးအမျိုးမျိုးဟူသမျှ အတာရေနှင့်အတူ စီးမျောပျောက်ကင်းပြီး မြန်မာနိုင်ငံသူ/သားအားလုံး သောကကင်းဝေး၊ ဘေးဘယာကင်းကွာ စိတ်အေးချမ်းပျော်ရွှင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ နောင်နှစ်ပေါင်းများစွာတိုင် ဘာသာ၊ သာသနာ၊ ရိုးရာဓလေ့များ ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည်တံ့ခိုင်မြဲစေရန် ထာဝရမေတ္တာပို့သအပ်ပါသည်။