အနုပညာရှင်များ၏ နှစ်သစ်ကူးဆုတောင်းစကားသံများ
ဦးကြည်စိုးထွန်း (မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ)
မြန်မာ့နှစ်သစ်ကူး အခါသမယမှာ မြန်မာလူမျိုးတို့ဟာ ဒါနပြုခြင်း၊ သီလစောင့်ခြင်း၊ တရားဘာဝနာစီးဖြန်းခြင်း စတဲ့ကောင်းမှုကုသိုလ်တွေကို ပြုလုပ်ကြပါတယ်။ ထိုသို့သော အစဉ်အလာကောင်းတို့ကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် မြန်မာနိုင်ငံတော်ကြီး စည်ပင်သာယာငြိမ်းချမ်းမှုအပေါင်း အဓွန့်ရှည်ပါစေကြောင်း ဆုတောင်းလိုပါတယ်။
“ရုပ်ရှင်သည် ပြည်သူ့အတွက်”ဆိုတဲ့ စကားနဲ့အညီ ပြည်သူ၊ ပြည်သားပရိသတ်တွေအတွက်လည်း အကျိုးဖြစ်ထွန်းသော ရုပ်ရှင်ဇာတ်ကားတွေကို ရုပ်ရှင်လောကသားတွေ အစဉ်မပြတ်ဖန်တီးနိုင်ကြပါစေကြောင်းလည်း ဆန္ဒပြုလိုပါတယ်။
ကြီးမားသော ငလျင်ဘေးအန္တရာယ်ခံစားနေကြရတဲ့ အများပြည်သူတွေကို မိမိတို့ စွမ်းနိုင်သမျှ စာနာစိတ်နဲ့ အားပေးကူညီရင်း မြန်မာနိုင်ငံတော်ကြီးကို စောင့်ရှောက်နိုင်ကြပါစေလို့ လှိုက်လှဲစွာ ဆန္ဒပြုအပ်ပါတယ်။
ဒါရိုက်တာပန်းချီစိုးမိုး
မင်္ဂလာပါ။ မြန်မာ့နှစ်သစ်ကူးမှ အစပြုပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံနိုင်ကြပါစေ။ အတိုက်အခိုက်ပေါင်းများစွာ၊ အခက်အခဲပေါင်းများစွာ၊ အသိ၊ အမြင်၊ အတွေး၊ ဆန္ဒလွန်ကြမှုတွေက ထင်းစည်းပြေသကဲသို့ ညီရင်းအစ်ကို မောင်နှမတို့ ဘဝကို အမှောင်ဆုံးသို့ တွန်းပို့ရောက်ရှိခဲ့ရပြီး သဘာဝကပ်ဘေးများစွာကလည်း ပြေးမလွတ်အောင်၊ ရှောင်လွှဲမရအောင် ထိပ်တိုက်ကြုံတွေ့ဆုံတွေ့ခံစားရသည်မှာ များလှပါပြီ။
အမှောင်ဆုံး၏အဆုံးသည် အလင်း၏အစဖြစ်၍ နှစ်သစ်အချိန်အခါမှစပြီး နေမင်း၏ အလင်းကဲ့သို့ မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားအပေါင်း ချမ်းသာသုခနှင့် ပြည့်စုံနိုင်ကြပါစေ၊ အသိ၊ သတိဖြင့် အောင်မြင်မှုဘဝပန်းတိုင်ကို လက်တွဲ၍ လှမ်းနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။
ဦးလွင်မြင့် (မြန်မာနိုင်ငံဂီတအစည်းအရုံးဗဟိုဥက္ကဋ္ဌ)
မြန်မာနှစ်သစ်ကူးအချိန်အခါမှာ တိုင်းပြည် သာယာဝပြောပြီး ရှေ့ဆက်ပြီး ကောင်းမွန်တဲ့ အတိတ်နိမိတ်များ ယှက်သန်းနေတာကိုလည်း တွေ့မြင်ရမှာပါ။ နှစ်သစ်အချိန်အခါမှာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ။ နိုင်ငံ၊ တိုင်းပြည်နဲ့ လူမျိုးအတွက် စိတ်သစ်၊ ကိုယ်သစ်ဖြင့် အားလုံးပါဝင်ဆင်နွှဲနိုင်ကြပါစေ။ ကောင်းခြင်း မင်္ဂလာအဖြာဖြာဖြင့် ပြည့်စုံနိုင်ကြပါစေ။
သမိုင်းအဆက်ဆက်မှာ ဂီတအစည်းအရုံးဟာ နိုင်ငံတော်အတွက် အမြဲတမ်း ပါဝင်ဆောင်ရွက်ခဲ့တာကို တွေ့ရမှာပါ။ ဂီတလောကသားတွေအနေနဲ့ နိုင်ငံတော်နဲ့ပြည်သူအတွက် အင်တိုက်အားတိုက် ကျရာအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နေပါတယ်။ ဂီတအစည်းအရုံးဟာ တိုင်းပြည်နဲ့ပြည်သူအတွက် အကျိုးပြုခဲ့မှုကို သမိုင်းအစဉ်အလာရှိတာကြောင့် ကျေးဇူးရှင် အနုပညာချစ်တဲ့ပြည်သူတွေကို ဂီတစွမ်းအားနဲ့ ဆက်လက်ကျေးဇူးဆပ်နေပါတယ်။ မြန်မာနှစ်သစ်ကူးအခါသမယမှာ ဂီတချစ်ခင်သောတရှင်တွေအားလုံး စိတ်နှလုံးအေးချမ်းပြီး ကောင်းကျိုးလိုရာအဖြာဖြာနဲ့ ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သပါတယ်။
ဦးအောင်တင်ဝင်း (မြန်မာနိုင်ငံသဘင်အစည်းအရုံးနာယက)
မြန်မာ့နှစ်ကူး အခါသမယမှာ အောင်ခြင်းမင်္ဂလာ၊ အောင်ဇေယျာနဲ့ အောင်ရာအောင်ကြောင်း အောင်ဆုတောင်းလျက်အောင်ကြောင်းဝေဖြာပြည်မြန်မာ၏ ရတနာခေါ်ငြားတိုင်းရင်းသားတို့ မခြားအတူအောင်ဆုယူလျက် လက်ချင်းဆက်ကာ မပြတ်ညီညာတောင်းဆုဖြာသည် ပြည်ရွာအနှံ့အေးစေသောဝ်။
ပြည်သူပြည်သားအပေါင်းနဲ့ သဘင်လောကသားအပေါင်းလည်း ကိုယ်လည်းကျန်းမာ စိတ်ချမ်းသာ ဘယာကင်းပလိုတိုင်းရ စီးပွားဥစ္စာဝင်ငွေတိုးလို့ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သပါတယ်။
ဒေါ်ပုလဲ (ရုပ်ရှင်သရုပ်ဆောင်)
ရုပ်ရှင်နဲ့သာ ဘဝကို ရပ်တည်ခဲ့ပြီး နိုင်ငံတော်အတွက်၊ ပြည်သူအတွက် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့တာကြောင့် ရုပ်ရှင်နဲ့ပြည်သူကို ကျေးဇူးဆပ်ဖို့အမြဲရှိနေခဲ့ပါတယ်။ မြန်မာ့နှစ်သစ်ကူးအခါသမယမှာ ရုပ်ရှင်လောက ညီအစ်ကိုမောင်နှမ အားလုံးနှလုံးစိတ်ဝမ်းအေးချမ်းပြီး ရွှင်လန်းချမ်းမြေ့ကြပါစေ။ ပြည်သူပြည်သားအပေါင်းလည်း နှစ်သစ်မင်္ဂလာအချိန်အခါကစပြီး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ၊ ကျန်းမာကြပါစေ၊ လန်းဖြာကြပါစေ၊ ဘေးဘယာ အပေါင်းကင်းဝေးပြီး စီးပွားလာဘ်လာဘတွေလည်း တိုးတက်ဝေဖြာကြပါစေလို့ တောင်းဆုမေတ္တာပို့သပါတယ်။
ဒေါ်ခင်သန်းနွယ် (ရုပ်ရှင်သရုပ်ဆောင်)
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်ကနေ ၁၃၈၇ ခုနှစ်ကို ကူးပြောင်းတဲ့ မြန်မာ့နှစ်သစ်ကူးအခါသမယမှာ မြန်မာပြည်သူ၊ ပြည်သားအားလုံးစိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး လိုရာဆန္ဒတွေလည်း ပြည့်ဝကြပါစေ။ စီးပွားဥစ္စာတွေလည်း ကိုယ်စီကိုယ်စီ တိုးတက်ဝေဖြာကြပါစေ။
မြန်မာပြည်ကြီးလည်း အေးချမ်းမှုအပေါင်းပြည့်စုံပြီး ရုပ်ရှင်လောကသားတွေအားလုံးလည်း ကိုယ်စီကိုယ်စီအလုပ်အကိုင်တွေ ပွင့်လန်းပြီးတော့ စည်းလုံးပျော်ရွှင်စွာနဲ့ ရုပ်ရှင်လောကတိုးတက်ရေးကို ဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။