နေပြည်တော် ဧပြီ ၁၇
နိုင်ငံတစ်ဝန်း ရဟန်းရှင်လူ ပြည်သူအများ ဘေးအန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ ၁၃၈၇ ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် ဇီဝိတဒါနငါးလွှတ်ပွဲနှင့် အန္တရာယ်ကင်း ပရိတ်တရားတော်နာယူခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့်ဇနီးတို့က ငါးသားပေါက်များကို ဝန်ကြီးဌာနရှိ တစ်ဖက်ပိတ်ဆည်အတွင်းသို့ ဇီဝိတဒါနငါးလွှတ်ပေးကြပြီး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများက ဆက်လက်၍ ဇီဝိတဒါနငါးလွှတ်ပေးကြသည်။
ယင်းနောက် အန္တရာယ်ကင်း ပရိတ်တရားတော်နာယူခြင်း အခမ်းအနားကို ကျင်းပရာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး အေးမြရွှေပြည် ကျောင်းတိုက် ဆရာတော် ဥူးမဉ္ဇူသကထံမှ ငါးပါးသီလခံယူကြကာ ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်းပရိတ် တရားတော်များနှင့် အနန္တရာယိကကမ္မဝါစာများကို ရွတ်ပွားသရဇ္စျာယ်တော်မူကြရာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးဇော် အေးမောင်နှင့်ဇနီးနှင့် ဧည့်ပရိသတ်များကနာယူကြည်ညိုကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးနှင့် ဒုတိယဝန်ကြီး နှင့်ဇနီးတို့က ဆရာတော်၊ သံဃာတော်များအား နဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြပြီး ကောင်းမှုကုသိုလ်များအတွက် ရေစက်သွန်းချ အမျှပေးဝေခြင်းနှင့် သာဓုအနုမောဒနာခေါ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်