Skip to main content

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဇီဝိတဒါနစုပေါင်းငါးလွှတ်ပွဲ အခမ်းအနားများကျင်းပ

နေပြည်တော် ဧပြီ ၁၇

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် တန်ခူးလပြည့်ကျော် ၅ ရက် မြန်မာ နှစ်ဆန်းတစ်ရက်နေ့ ၂၀၂၅ ခုနှစ် ဧပြီ ၁၇ ရက် (ကြာသပတေးနေ့) မွန်းလွဲ ၃ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၏ နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော် နာယူပွဲ အခမ်းအနားကို အဆိုပါဌာနရှိ အစည်းအဝေးခန်းမရှေ့၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် သံဃာတော် အရှင်သူမြတ်များနှင့် ကြွရောက်လာသည့် ဧည့်ပရိသတ် အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး စမ်းမြိုင်တောရ ကျောင်းတိုက်၏ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တသူရိယထံမှ သရဏဂုံသုံးပါးနှင့် ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော် အမှူးပြုသော သံဃာတော်အရှင်သူမြတ်တို့က အန္တရာယ်ကင်းပရိတ် တရားတော်နှင့် အနန္တရာယိက ကမ္မဝါစာများကိုရွတ်ပွားသရဇ္စျာယ် တော်မူကြပြီးနောက်ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များက ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြကာ လှူဒါန်းမှုအစုစု တို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှ ပေးဝေခဲ့သည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် ငါးကောင်ရေ ၃၀၀၀ အား ဇီဝိတဒါနအဖြစ်ဝန်ကြီးဌာန အနောက်ဘက်ရှိ လျှိုပိတ်တမံအတွင်းသို့ကုသိုလ် ပြုလွှတ်ပေးခဲ့ကြကြောင်းသိရသည်။

 သတင်းစဉ်