Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများနေရာချထားရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်၊ ဝန်ထမ်းအိမ်ရာများကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၁၇

စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများအား နေရာချထားရေးညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ပိုင်းတွင်ခြံအမှတ် အေ-၅ ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယ ဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေး၌ နေပြည်တော်ရှိ ဝန်ထမ်းများ အမိုးအကာအောက်တွင်ထားရှိနိုင်ရေးအတွက် ယာယီတဲများ ထပ်မံဆောက်လုပ်နိုင်ရေး၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ စက်ရုံ၊ အလုပ်ရုံ၊ သင်တန်းကျောင်းများရှိ အဆောက်အအုံများတွင် ဝန်ထမ်းများနှင့် မိသားစုဝင်များထားရှိနိုင်ရေး၊ အခြေခံပညာအထက်တန်း ကျောင်းများတွင်နေရာချထားသည့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် ယာယီအဆောက်အအုံများဆောက်လုပ်ရေး၊ ရုံးပတ်ဝန်းကျင်၌ ဝန်ထမ်းများ ထားရှိနိုင်ရေးအတွက် နေရာများရှာဖွေ၍ ကြိုတင်ပြင်ဆင်ရေး၊ လက်ရှိအချိန်တွင် နေပြည်တော်ရှိ ဝန်ထမ်းများအနက် အမိုးအကာအောက်သို့ ရွှေ့ပြောင်းနေရာ ချထားမှုစာရင်း၊ ထပ်မံနေရာချထားရမည့် အင်အားစာရင်းတို့ကို ဦးစီးဌာန၊ စက်မှုလုပ်ငန်းများအလိုက် စနစ်တကျပြုစုထားရှိရေး၊ အိမ်ရာများအား စစ်ဆေးခဲ့သည့် စစ်ဆေးရေးအဖွဲ့များ သတ်မှတ်ခဲ့သည့်အပြာရောင်အဆင့်ရှိ အိမ်ရာများတွင် နေထိုင်သည့်ဝန်ထမ်းအင်အား စာရင်းပြုစုထားရှိရေး ကိစ္စရပ်များကို ဆွေးနွေးအတည်ပြု ဆုံးဖြတ်ခြင်းများဆောင်ရွက်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အိမ်ရာများစစ်ဆေးရေးအဖွဲ့မှ အပြာရောင်အဆင့် သတ်မှတ်ခဲ့သည့် ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ စက်မှုဝန်ကြီးဌာနမှဝန်ထမ်းများအားနေရာချထားသော တိုက်အမှတ် ၅၁၀၁၊ ၅၁၀၂၊ ၅၁၀၄၊ ၅၁၀၅ တို့သို့ သွားရောက်၍ ဝန်ထမ်းများနေထိုင်နေမှုအခြေ အနေ၊ အိမ်ရာအဆောက်အအုံများ၏ ကြံ့ခိုင်မှုအခြေအနေတို့ကို လည်းကောင်း၊ သီရိရတနာ အဆင့်မြင့်ဈေးရှိ Gold Twin Tigers Trading Co., Ltd. ၏ JIDU EV Car Showroom ၌ ဝန်ထမ်းများအား နေရာချထားမှု၊ အိမ်ရာစစ်ဆေးရေးအဖွဲ့မှ အနီရောင်သတ်မှတ်ထားသည့် မင်္ဂလာ သိဒ္ဓိရပ်ကွက်ရှိ စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများအား နေရာချထားသော တိုက်အမှတ် ၂၅၁ သို့လည်းကောင်း၊ ရုံးအမှတ်(၃၀)ရှိ ပျက်စီးမှုအခြေအနေတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

သတင်းစဉ်