မန္တလေး ဧပြီ ၁၇
မြန်မာ့နှစ်သစ်အခါသမယအထိမ်း အမှတ်အားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် နိုင်ရန်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာသောအားဖြင့် လည်းကောင်း အကျဉ်းထောင်/ အချုပ်ထောင် / စခန်းအသီးသီး တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား အကျဉ်းသူ ၄၈၉၃ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ရာ မန္တလေးမြို့ရှိ ဗဟို အကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ ၄၂၀ လွတ်ငြိမ်းခွင့် ရရှိခဲ့ကြကြောင်း သိရသည်။
အဆိုပါ မန္တလေးဗဟိုအကျဉ်း ထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိခဲ့သည့် အကျဉ်းသား ၃၄၁ ဦး၊ အကျဉ်းသူ ၇၉ ဦး စုစုပေါင်း ၄၂၀ တို့အား မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး နှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းဗိုလ်တို့က ယနေ့ နံနက်ပိုင်းတွင် မန္တလေးဗဟို အကျဉ်းထောင်၌ တွေ့ဆုံ၍ ဆုံးမဩဝါဒစကားများ ပြောကြားသည်။
ထို့နောက် ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ရ အကျဉ်းသား အကျဉ်းသူများ အား ကျန်းမာရေးစစ်ဆေးပေး ခြင်း၊ နေ့တွက်စရိတ်နှင့် ခရီးစရိတ်ပေးအပ်ခြင်းတို့ကို စနစ် တကျဆောင်ရွက်ပေး၍ အကျဉ်း ထောင်မှ လွှတ်ပေးခဲ့သည်။
ယနေ့ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းနှင့် စပ်လျဉ်း၍ မန္တလေး ဗဟိုအကျဉ်းထောင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်း ဇော်မောင်က “ဒီနေ့လွတ်ငြိမ်းခွင့် ရရှိသူတွေအတွက် နိုင်ငံတော် က နေ့စဉ် တစ်နေ့တာအတွက် စားစရိတ်တွေ၊ လုပ်အားခတွေနဲ့ ခရီးစရိတ်တွေကိုလည်း တွက်ချက်ပြီး ထုတ်ပေးပါတယ်။ သူတို့ လိုရာခရီးကို သွားနိုင်ဖို့အတွက်ကိုလည်း ဌာနပိုင်မော်တော်ယာဉ် တွေနဲ့ စီစဉ်ဆောင်ရွက်ပေးပါ တယ်။ ဒီလိုလွတ်မြောက်လာတဲ့ သူတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတွေကလည်း နိုင်ငံတော်အတွက် အကျိုးရှိမယ့် ကဏ္ဍတွေမှာ ပါဝင်ဆောင်ရွက်ဖို့ ဆုံးမစကားတွေ ပြောကြားခဲ့ပါတယ်။ အခုအချိန်မှာ မန္တလေး ငလျင်ကြီးလည်း ဖြစ်ပွားသွားခဲ့တဲ့ အပေါ်မှာ အကျဉ်းကျနေတဲ့ သူတွေရဲ့ မိသားစုတွေကလည်း စိတ်ပူကြပါတယ်။ အခုလို နိုင်ငံတော်အကြီးအကဲက မေတ္တာရှေ့ထားပြီး ဆောင်ရွက်ခဲ့တာ ဖြစ်တဲ့အတွက် သက်ဆိုင်ရာ မိသားစုဝင်တွေ ပျော်ပျော်ရွှင်ရွှင် ပေါင်းစည်းကြတာ မြင်ရတဲ့အပေါ် မှာ ကျွန်တော့်အနေနဲ့ ဝမ်းသာ ပီတိဖြစ်ရပါတယ်” ဟု ပြော သည်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့သူ တစ်ဦးကလည်း “အခုလို လွတ်မြောက်လာတဲ့ အတွက် ဝမ်းသာမိပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကြီး ကိုလည်း ကျေးဇူးတင် ရှိပါတယ်။ အကျဉ်းထောင်ထဲမှာ ကျန်ရှိတဲ့ သူတွေလည်း အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းပေးပါတယ်။ နှစ်သစ်မှာ မိသားစုနဲ့ တွေ့ရတော့မှာ ဖြစ်တဲ့အတွက်အရမ်းကို ပျော်ရွှင်မိပါတယ်။ ရင်ထဲမှာ ပြောမပြတတ်အောင် ဝမ်းသာမိပါတယ်။ အကျဉ်းထောင် တာဝန်ရှိသူတွေကလည်း တကယ့် ကို မိဘသဖွယ်စောင့်ရှောက် ပေးကြပါတယ်။ အနာဂတ်မှာ နိုင်ငံတော်အတွက် တစ်ထောင့် တစ်နေရာကနေ အကျိုးရှိစွာ နေထိုင်ဆောင်ရွက်သွားပါမယ်” ဟု ပြောသည်။
ယနေ့တွင် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ အကျဉ်း ထောင် ငါးထောင်မှ အကျဉ်းသား ၅၁၇ ဦး၊ အကျဉ်းသူ ၁၃၄ ဦး စုစု ပေါင်း ၆၅၁ ဦး၊ ကုန်ထုတ်စခန်း များမှ အကျဉ်းသား ၁၆၈ ဦး၊ အကျဉ်းသူ ၃၄ ဦး စုစုပေါင်း ၂၀၂ ဦးဖြင့် ယနေ့တွင် တိုင်းဒေသကြီး အတွင်း အကျဉ်းသား အကျဉ်းသူ စုစုပေါင်း ၈၅၃ ဦး ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ရရှိခဲ့ကြောင်း သိရ သည်။
မောင်အေးချမ်း