Skip to main content

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ တောင်ကြီးမြို့ရှောင်လမ်းနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်ရှိ ဖောင်တော်ဦးမြတ်စွာဘုရား၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသည့် သာသနိကအဆောက်အအုံများနှင့် ကမ်းထိန်းနံရံ ပြုပြင်ဆောင်ရွက်နေမှုများ ကြည့်ရှု

နေပြည်တော် ဧပြီ ၂၈

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဧပြီ ၂၈ ရက် နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှောင်လမ်း (လေးမိုင်ကွေ့-နောင်ထလီ-ညိုမီး-နောင်ပနားဗွာ-လင်းကွင်း-ထီရီး မွေးမြူရေးဇုန်-ရွှေညောင်လမ်း) အား ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့ရှောင်လမ်း မိုင်တိုင်အမှတ် (၆/၂)ရှိ လုပ်ငန်းခွင်ရှင်းလင်းဆောင်သို့ရောက်ရှိရာ ရှမ်းပြည်နယ်လမ်းဦးစီးဌာန ကြီးကြပ်ရေးအဖွဲ့ ဦးကျော်ကျော်ဝင်း၊ ညွှန်ကြားရေးမှူး (မြို့ပြ) မှ တောင်ကြီးမြို့ရှောင်လမ်းတွင် အတက်အဆင်းမတ်စောက်သည့် မိုင်တိုင်အမှတ်(၄/၃)မှ (၆/၂)ကြား Gradient ဖြေညှိ၍ အတက်အဆင်းပြေပြစ်စေရန် ဆောင်ရွက်ခြင်းနှင့် ၂၄ ပေအကျယ် ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို မြေပုံကားချပ်များဖြင့် ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ကားကြီးများ သွားလာမှုများပြားလာသည်ဖြစ်၍ လမ်းဒီဇိုင်းများ ပြန်လည်စစ်ဆေးပြုပြင်ရန်နှင့် လိုအပ်သည့်နေရာများတွင် အနိမ့်အမြင့်ဖြေညှိရန် လိုအပ်ကြောင်း၊ လမ်းကွေ့များတွင် လုံလောက်သောအကျယ်ရရှိစေရန် ရန်ပုံငွေများ တင်ပြတောင်းခံ၍ ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်ရှိ ဖောင်တော်ဦးမြတ်စွာဘုရား၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားခဲ့သည့် သာသနိကအဆောက်အအုံများနှင့် ကမ်းထိန်းနံရံပြုပြင် ဆောင်ရွက်နေမှုများကို ဆက်လက်ကြည့်ရှုရာ ငလျင်ဒဏ်ကြောင့် ဖောင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်းတော်ကြီးအောက်ခြေတိုင်ကို Concrete Jacketing စနစ်ဖြင့် အားဖြည့်ပြုပြင်ခြင်းလုပ်ငန်းကိုလည်းကောင်း၊ ဖောင်တော်ဦးမြတ်စွာဘုရား၏ မြေထိန်းနံရံအား ပြုပြင်ဆောင်ရွက်ရာတွင် Sheet Pile များရိုက်သွင်းခြင်းလုပ်ငန်းကိုလည်းကောင်း၊ ဘုရားရင်ပြင်ပေါ်တွင် စကျင်ကျောက်ပြားခင်းခြင်းအတွက် ပြင်ဆင်နေမှုများကိုလည်းကောင်း ကြည့်ရှုပြီး Sheet Pile များ ရိုက်သွင်းပြီးနောက် ယင်းအပေါ်တွင် Dowel bar များတပ်ဆင်၍ ကွန်ကရစ်လက်ရန်းများ အလှဆင်ခြင်းလုပ်ငန်းတပ်ဆင်ရန်နှင့် မြောက်ဘက်နှင့် အနောက်မြောက်ဘက်အခြမ်းလုပ်ငန်းအား ဦးစားပေးဆောင်ရွက်ရန်၊ သာသနိကအဆောက်အအုံများ ပြင်ဆင်ရာတွင် လက်ရာလက်သားကောင်းမွန်စွာဖြင့် ငလျင်ဒဏ်ခံနိုင်ရေးနှင့် မြန်မာမှုလက်ရာများကိုပါ ထည့်သွင်းဆောင်ရွက်စေလိုကြောင်း မှာကြားခဲ့ပြီး ဘုရားပရိဝုဏ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်