ဟားခါး ဇန်နဝါရီ ၂၁
လူထုဗဟိုပြုစီမံကိန်းထပ်မံတိုးချဲ့ဆောင်ရွက်ရန် မြို့နယ်ရွေးချယ်ရေး၊ အကြံဉာဏ်ရယူခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဟားခါးမြို့ Carson ခန်းမ၌ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော်၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးလာလ်တင်မန်း၊ ပြည်နယ်ဥပဒေချုပ် ဦးဆန်နီထန်ကျုံး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးတိုးဝင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း၊ ညွှန်ကြားရေးမှူးဦးကျော်စွာအောင်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများတက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးဆလိုင်းလျန်လွယ်က မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင် အခြေခံအဆောက်အအုံနှင့် လူထုလိုအပ်ချက်များကို ဖြည့်စွမ်းပေးမည့် လူထုဗဟိုပြု စီမံကိန်း(NCDDP)ကို ၂၀၁၃ ခုနှစ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ သတ္တမနှစ်ကာလကို ရောက်ရှိနေပြီဖြစ်ပြီး လူထုဗဟိုပြုစီမံကိန်းသည် မြို့နယ်(၁) မြို့နယ်လျှင် (၄)နှစ်ဆက်တိုက် ကူညီထောက်ပံ့ပေးလျက်ရှိရာ နိုင်ငံတစ်ဝန်း(၆၃)မြို့နယ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော စီမံကိန်းနှစ်များ အတွင်း ကျေးလက်နေလူဦးရေ(၇)သန်းကျော်ခန့်၏ ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးပြုနိုင်ခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် အခြေခံအဆောက်အဦများ တည်ဆောက်ပေးခြင်း၊ လိုအပ်သည့် ငွေကြေးအထောက်အပံ့များထောက်ပံ့ပေးခြင်း၊ စီမံကိန်းလုပ်ငန်းရွေးချယ်ရာတွင် ကျေးလက်နေပြည်သူများ၏ ပူးပေါင်းပါဝင်မှုအားကောင်း လာစေရန် စီမံကိန်းအကြောင်းကြိုတင် မိတ်ဆက်ဆွေးနွေးခြင်း၊ စွမ်းဆောင်ရည် မြင့်မားလာစေရန် ကဏ္ဍအလိုက်နည်းပညာဆိုင်ရာ သင်တန်းပေးခြင်းတို့ကို ကူညီပံ့ပိုးပေးလျက် ရှိကြောင်း၊ သို့ဖြစ်ရာ ချင်းပြည်နယ်အနေဖြင့်လည်း ဒေသခံပြည်သူများ၏ ဖွံ့ဖြိုးရေးလိုအပ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပွင့်လင်းမြင်သာစွာ ဆွေးနွေး သွားကြပါရန်နှင့်မြို့နယ် ရွေးချယ်ပြီးစီးပြီး စီမံကိန်းလုပ်ငန်းစဉ် စတင်အကောင်အထည် ဖော်ဆောင်ရွက်သည့်အချိန်တွင်လည်း ဌာနဆိုင်ရာအဖွဲ့အစည်းများ ၊ ကျေးရွာ လူထုများနှင့် သက်ဆိုင်သူ အားလုံးမှပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းက မိတ်ဆက် စကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာန(ရုံးချုပ်)၊ညွှန်ကြားရေးမှူးဦးကျော်စွာအောင်က စီမံကိန်းလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်း တင်ပြရာ တက်ရောက်လာကြသူများ၏ မေးမြန်းဆွေးနွေးချက်များအား ဦးကျော်စွာအောင်က ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
ထို့နောက်အုပ်စုငယ်များခွဲ၍ သတ်မှတ်ချက်များအတိုင်း လူထုဗဟိုပြုစီမံကိန်းမြို့နယ်ကို ရွေးချယ်ခဲ့ကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးချုပ်၊ ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်က ဆွေးနွေးချက်ရလဒ်များတင်ပြကာ လုပ်ငန်းများအောင်မြင်နိုင်ရေးအတွက် တက်ရောက်လာကြသူများနှင့်ညှိနှိုင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကျော်စွာ(ပြန်/ဆက်)