ပဲခူး အောက်တိုဘာ ၁၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၁၃)ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲက ပဲခူးတိုင်းဒေသကြီး ကျေးရွာမီးလင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အား Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက တိုင်းဒေသကြီးအတွင်း မီးလင်းရေး လုပ်ငန်းများကို ပြည်ထောင်စု/ တိုင်းဒေသကြီး ရန်ပုံငွေများဖြင့် ဆောင်ရွက် လျက်ရှိကြောင်း၊ လျှပ်စစ်မီးရရှိခြင်းကြောင့် လူမှုဘဝများ တိုးတက်မြင့်မားလာခြင်း၊ အသေးစား၊ အငယ်စား၊ အလတ်စား စက်မှု/လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိနိုင်ခြင်းတို့ဖြစ်ကြောင်း၊ အထူးသဖြင့် ကျေးရွာများအထိ မီးလင်းနိုင်မှ ထင်းသုံးစွဲမှုလျော့ချနိုင်မည် ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ မြို့နယ်အလိုက် ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်ကျွမ်းကျင် သင်တန်းဆင်းများအား အလုပ်အကိုင် အခွင့်အလမ်း ရရှိနိုင်ရေးကိုလည်း ဖော်ဆောင်ပေးရမည် ဖြစ်ကြောင်း၊ ကိုယ်ထူကိုယ်ထ ကျေးရွာမီးလင်းဆောင်ရွက်သည့် နေရာများကိုလည်း မိမိတို့ အစိုးရအဖွဲ့မှ အခါအားလျော်စွာ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် တက်ရောက် လာသည့် ကော်မတီဝင်များကလည်း လိုအပ်ချက်များ တင်ပြဆွေးနွေး အကြံပြုပေးစေ လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ကျေးရွာမီးလင်းရေး ကော်မတီဝင်များ၊ ခရိုင်အုပ်ချုပ်ရေးမှူး များက မိမိတို့ ဒေသအတွင်းရှိ ကျေးရွာအလိုက် မီးလင်းရေး ဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းစဉ်များနှင့် အစိုးရမှ ပံ့ပိုးကူညီပေးရမည့် ကဏ္ဍာများအား ဆွေးနွေးတင်ပြခဲ့ရာ တိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးရွာမီးလင်းရေးအနေဖြင့် ပဲခူး(အရှေ့) စာရင်းရှိ ကျေးရွာ(၂၉၆၆) ရွာတွင် မီးလင်းပြီး(၁၄၄၀)ရွာ၊ မီးလင်းရန်ကျန် (၁၅၂၆)ရွာဖြစ်ပြီး၊ ပဲခူး (အနောက်) စာရင်းရှိကျေးရွာ (၃၆၀၉)ရွာတွင် မီးလင်းပြီး (၁၅၇၃)ရွာ၊ မီးလင်းရန်ကျန် (၂၀၃၆)ကျေးရွာရှိကြောင်းနှင့် နှစ်အလိုက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးတို့မှ ရရှိသည့် ရန်ပုံငွေအပေါ် မူတည်၍ မီးလင်းနိုင်ရေး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)