တံတားဦး ဇန်နဝါရီ ၂၂
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်အတွင်းရှိ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဒုတိယအကြိမ် ပြန်လည် စွန့်လွှတ်သည့် မြေဧရိယာ (၃၈၃၀) ဧကအနက်မှ ယာယီပုံစံ (၃)ပေးအပ်ရန် ကျန်ရှိသည့် တောင်သူပေါင်း (၁၉၆)ဦး၏ ဦးပိုင်ပေါင်း(၂၄၂)ဦး မြေဧရိယာ (၄၄၃.၃၃) ဧကနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာ ဦးစီးဌာနမှ ပြန်လည်စွန့်လွှတ်ပေးသည့် မြေဧရိယာ(၁.၉၆) ဧကအား မူလပိုင်ရှင်တောင်သူများသို့ ယာယီပုံစံ(၃) ပေးအပ်ပွဲ ကို ယမန်နေ့ညနေ(၃) နာရီက တံတားဦးမြို့ အင်းဝခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန တိုင်းဒေသကြီးဝန်ကြီး ဒေါက်တာစိုးသန်းက အမှာစကား ပြောကြားရာတွင် သိမ်းဆည်းမြေယာအား မူလတောင်သူများ လက်ဝယ်သို့ ပြန်လည် ပေးအပ်နိုင်ရေး မှန်မှန်ကန်ကန်ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းဖြေရှင်း ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ဒါ့အပြင် ယာယီပုံစံ(၃) ရရှိသည့် မူလတောင်သူများ အနေဖြင့်လည်း မိမိတို့ မိသားစု၏ လူမှုဘဝအကျိုးစီးပွား၊ တိုင်းပြည်အတွက် အကျိုးစီးပွားကို တိုးတက်အောင် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ပြည်သူများအား စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် စားဝတ်နေရေးဆိုသည့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက် စေရန် ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံမှ အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ရာတွင် ကျေးရွာနေပြည်သူလူထုအများမှာ လယ်ယာ လုပ်ကိုင်ခြင်းဖြင့် အသက်မွေးကြရသည်ဖြစ်ရာ လယ်ယာမြေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နိုင်စေရန် အလေးထားဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်းပြောကြားပြီး ကျောက်ဆည်ခရိုင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ တွဲဘက် အတွင်းရေးမှူး ဦးမြင့်နောင်က စွန့်လွှတ်မြေများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် မူလပိုင်ရှင်တောင်သူများသို့ ယာယီပုံစံ(၃) ပေးအပ်ပွဲကိုဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးမှ စကောင်းကျေးရွာအုပ်စုနှင့် ပန်းယျကျေးရွာအုပ်စု တောင်သူများထံသို့လည်းကောင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်အုန်းကြည်မှ သူငယ်တော်ကျေးရွာအုပ်စုနှင့် ဇီးချောင်းကျေးရွာအုပ်စု တောင်သူများထံသို့ လည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးမင်းမင်းနီနှင့် ဦးဝဏ္ဏအောင် တို့က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ ပြန်လည်စွန့်လွှတ်ပေးသည့် မြေဧရိယာ များကို လည်းကောင်း အသီးသီးပေးအပ်ကြပြီး ယာယီပုံစံ(၃)ရရှိသည့် တောင်သူများကိုယ်စား စကားအင်းကျေးရွာ ဦးမူသန်းက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
တံတားဦးမြို့နယ်အနေဖြင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းအတွင်း အမြန်လမ်းမကြီး အနောက်ဘက် ဇီးချောင်းကျေးရွာသွား လမ်းဟောင်း မြောက်ဘက်ခြမ်းအတွင်းရှိ တောင်သူများမှ စွန့်လွှတ်မြေ ဧရိယာ(၃၈၃၀)ဧကမှ ယာယီလုပ်ကိုင်ခွင့်ပြုလက်မှတ်ပုံစံ-၃ လျှောက်ထား ပေးအပ်ရာတွင် ပထမအကြိမ်တွင် ဦးပိုင်ပေါင်း(၁၈၆၁)၊ တောင်သူ ပေါင်း(၁၀၈၄)၊ မြေဧရိယာပေါင်း (၃၀၁၉.၄၄) ပေးအပ်ပြီးဖြစ်ပါကြောင်း၊ ယနေ့ပေးအပ်သည့် ဒုတိယအကြိမ်တွင် မြေဧရိယာ (၃၈၃၀) ဧကအနက်မှ ယာယီပုံစံ (၃)ပေးအပ်ရန် ကျန်ရှိသည့် တောင်သူပေါင်း (၁၉၆)ဦး၏ ဦးပိုင်ပေါင်း (၂၄၂)ဦး မြေဧရိယာ (၄၄၃.၃၃) ဧကနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ ပြန်လည် စွန့်လွှတ်ပေးသည့် မြေဧရိယာ (၁.၉၆) ဧကတို့ ပေးအပ်ခြင်းဖြစ်ကြောင်းသိရှိရသည်။
ရဲတင့်