Skip to main content

မဲပေးရေး၌ ရုပ်ပိုင်း၊ စိတ်ပိုင်း ဘေးကင်းလုံခြုံ

မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ရက်သတ္တနှစ်ပတ် ကျော်မျှသာလိုတော့သည်။ မဲပေးပိုင်ခွင့်ရှိသည့် ပြည်သူအားလုံး နိုင်ငံသား အခွင့်အရေး မဆုံးရှုံးစေဘဲ ဘေးကင်းလုံခြုံ စိတ်ချစွာ မဲပေးနိုင်ရေးမှာ အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံး ရင်ဆိုင်ကြုံတွေ့နေရဆဲ ကိုဗစ်-၁၉ ရောဂါဘေးကာလအတွင်း တစ်နိုင်ငံလုံး အတွက် တစ်ရက်တည်း ကျင်းပရသည့် ရွေးကောက်ပွဲဖြစ်၍ ဘေးကင်း လုံခြုံရေး အထူးလိုအပ်ခြင်းဖြစ်သည်။

ထို့ကြောင့် ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြည်သူများ ရောဂါဘေးကင်းဝေးကာ လုံလုံခြုံခြုံ မဲပေးနိုင်ရေး အထူးဂရုစိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေရသည်။ အထွေထွေရွေးကောက်ပွဲတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းလမ်းညွှန်များနှင့် အညီ ဆောင်ရွက်နိုင်ရေးအတွက် အောက်တိုဘာလ ၂၀ ရက်နေ့က တတိယ အကြိမ်ကြိုတင်ပြင်ဆင် စီစဉ်ကျင်းပနေသော မဲပေးသည့်အစီအစဉ် လက်တွေ့ သရုပ်ပြမှုများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကြည့်ရှုလေ့လာခဲ့သည်။

မဲဆန္ဒရှင်ပြည်သူများ စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ လုံခြုံ၍ အချိန် ကြန့်ကြာမှုမရှိစေဘဲ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းလမ်းညွှန်များနှင့်အညီ သတ်မှတ်ချိန်အတွင်း စနစ်တကျဖြင့် အောင်မြင်စွာ မဲပေးနိုင်ရေး၊ ရုပ်ပိုင်း၊ စိတ်ပိုင်း ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေး ရေးဆိုင်ရာ အသိပညာပေး ဆိုင်းဘုတ်များကို မဲရုံအတွင်း မြင်သာသည့်နေရာ များတွင် ထားရှိသွားရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မဲရုံများအား ကြည့်ရှုလေ့လာစဉ် မှာကြားခဲ့သည်။

မဲဆန္ဒနယ်မြေ တစ်ခုချင်းအလိုက် ဆန္ဒမဲပေးခွင့်ရှိသည့် ပြည်သူများမှာ ရာဂဏန်းမှ ထောင်ဂဏန်းအထိရှိနိုင်၍ ရွေးကောက်ပွဲနေ့၌ မဲလာပေးသည့် ပြည်သူလူထု ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ သတ်မှတ်အချိန် အတွင်း အကုန်အစင်မဲပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်စီမံ ဆောင်ရွက်ရသည့် အလုပ်မှာ လွယ်ကူလှသည် မဟုတ်ပေ။ ထို့ကြောင့် ဆန္ဒမဲပေးသည့် အချိန်ကြန့်ကြာမှု မဖြစ်စေရန် မဲပေးသူများ အချိန်ကိုက်စနစ်တကျ မဲပေးနိုင်ရေး ကြိုတင်အသိပညာပေး အစီအစဉ်ကို ထိထိရောက်ရောက် ပြုလုပ်ရမည် ဖြစ်သည်။

အထွေထွေရွေးကောက်ပွဲသည် ကိုဗစ်-၁၉ ရောဂါနှင့်အတူ ရင်ဆိုင် ကျော်လွှားနေရသည့် ကြီးမားသော စိန်ခေါ်မှုတစ်ခုဖြစ်သည်။ ထိုစိန်ခေါ်မှု ကိုကျော်လွှား၍ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်ရန် ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ခွဲများက မဲဆန္ဒနယ်မြေ တစ်ခုချင်းအလိုက် လိုက်လျောညီထွေစွာ စနစ်တကျ ပြင်ဆင်ဆောင်ရွက် နိုင်မှု၊ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ယခင်နှင့်မတူသည့် ၂၀၂၀ ရွေးကောက်ပွဲ အခင်းအကျင်းပုံစံသစ်တွင် စနစ်တကျ မှန်ကန်မြန်ဆန်စွာ ပါဝင်လုပ်ကိုင် နိုင်မှုတို့ လိုအပ်ပါသည်။

လက်ရှိတွင် ပြည်ပရောက် မြန်မာနိုင်ငံသူ နိုင်ငံသားများသည် တစ်ကမ္ဘာလုံးနှင့်အတူ ကိုဗစ်ရောဂါဖြစ်နေသည့် တိုင်းတစ်ပါးနိုင်ငံများတွင် သက်ဆိုင်ရာနိုင်ငံများ၏ သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများကို လိုက်န၁ကာ မိမိနိုင်ငံအပေါ် ချစ်မြတ်နိုးသည့် စိတ်ဓာတ်ဖြင့် တက်တက်ကြွကြွ စနစ်တကျ မဲပေးခဲ့ကြသည်ကို ဂုဏ်ယူဖွယ်ရာ မြင်တွေ့ရပြီးဖြစ်သည်။ မြန်မာ ပြည်သူ ပြည်သားများ၏ နိုင်ငံအပေါ်ထားရှိသည့် သံယောဇဉ်၊ နိုင်ငံသား တာဝန် ကျေပွန်မှုတို့သည် ဂုဏ်ယူစရာဖြစ်သည်။ နိုင်ငံတကာရှိ သံရုံးများမှ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ တာဝန်ကျေပွန်မှု၊ လုပ်ကိုင်ပေးလိုသည့် စိတ်စေတနာရှိမှုတို့သည် အခက်အခဲများကြားမှ အောင်မြင်ကျော် လွှား ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။

နိုဝင်ဘာလ ၈ ရက်နေ့မတိုင်မီ ရွေးကောက်ပွဲဆိုင်ရာ အကြိုဆောင်ရွက်မှု၊ အကြို လှုပ်ရှားမှုများသည် ဂုဏ်ယူဖွယ်ရာများ ရှိသလို သင်ခန်းစာယူ ဖွယ်ရာများလည်းရှိပေသည်။ သင်ခန်းစာမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မှာကြားခဲ့သည့် ဆန္ဒ၊ ဝီရိယ၊ စိတ်ဓာတ်၊ ပညာ ဟူသည့် အောင်မြင်ခြင်းတရား လေးပါးဖြစ်သည်။ ထိုအောင်မြင်ခြင်းတရားလေးပါးကို လူတိုင်းလူတိုင်း ကိုင်စွဲလျက် ရင်ဆိုင်ကျော်ဖြတ် ကြမည်ဆိုလျှင် ယခု လက်ရှိ ကြုံတွေ့ နေရသည့် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကို အောင်မြင်စွာကျော်လွှားနိုင် မည့်အပြင် အထွေထွေရွေးကောက်ပွဲကိုလည်း အောင်အောင်မြင်မြင် ကျင်းပနိုင်မည်ဟု ယုံကြည်ပါသည်။

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကို ရင်ဆိုင်ကျော်လွှားပြီး အထွေထွေ ရွေးကောက်ပွဲနေ့တွင် ရုပ်ပိုင်း၊ စိတ်ပိုင်း လုံခြုံစိတ်ချစွာဖြင့် ချောချောမွေ့မွေ့ စနစ်တကျ မဲပေးနိုင်ရေးအတွက် အောင်မြင်ခြင်းတရားလေးပါးကို လက်ကိုင် ထားကာ နိုင်ငံချစ်စိတ်ဖြင့် ဝိုင်းဝန်းလက်တွဲကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။