Skip to main content

ကျန်းမာရေးစည်းမျဉ်းများ ဆက်လက်လိုက်နာ

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေနှင့် ပတ်သက်၍ အောက်တိုဘာလ ၂၃ ရက်နေ့ ည၈ နာရီအထိ စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာ ၅၇၉၉၂၁ ဦးရှိပြီး ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၄၂၃၆၅ ဦးရှိသည်။ ယင်းတို့အနက် ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ ၂၂၄၅၄ ဦးရှိပြီး သေဆုံးသူ ၁၀၃၈ ဦးရှိသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လက်ရှိအနေအထားကိုကြည့်လျှင် ရန်ကုန်တိုင်းဒေသကြီးသည် အများဆုံးဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးသည် ဒုတိယနှင့် ရခိုင်ပြည်နယ်သည် တတိယအများဆုံး ဖြစ်သည်။ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးသည် လူဦးရေအထူထပ်ဆုံး မြို့ကြီးတစ်မြို့ ဖြစ်သည်နှင့်အညီရောဂါကူးစက်ဖြစ်ပွားမှုမှာ အများဆုံးဖြစ်နေသည်။ တစ်ကမ္ဘာလုံးအနေဖြင့် အမေရိကန်ပြည်ထောင်စုသည် ရောဂါကူးစက် ဖြစ်ပွားမှု အများဆုံးဖြစ်ပြီး အိန္ဒိယက ဒုတိယ၊ ဘရာဇီးက တတိယ ဖြစ်သည်။ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါအဖြစ်ပွားဆုံး နိုင်ငံ ၉၀ သတ်မှတ်ထားရာ မြန်မာနိုင်ငံသည် ဖြစ်ပွားမှု အဆင့် ၇၆ တွင်ရှိသည်။

ထို့ကြောင့် မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေဆိုးသည့် နိုင်ငံအဆင့်ထဲသို့ မရောက်ရှိသေးပေ။ ကမ္ဘာပေါ်ရှိ အချို့နိုင်ငံများတွင် ကိုဗစ်တတိယလှိုင်းဟုပင် ခေါ်ဆိုလောက် အောင် ဆိုးဆိုးရွားရွား ကျယ်ကျယ်ပြန့်ပြန့် ရောဂါပိုးတွေ့ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် သြဂုတ်လလယ် မတိုင်မီအထိ ရောဂါကို ထိန်းချုပ်နိုင်ပြီး အခြေအနေကောင်းသည့် နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ယခုဩဂုတ်လလယ် နောက်ပိုင်းတွင် အဆိုးဆုံးထဲမှာလည်းမဟုတ် အကောင်းဆုံးထဲမှာလည်း မရှိပေ။

ယခုအခါ ရန်ကုန်မြို့တွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ရောဂါ ထိန်းချုပ်နိုင်သော အနေအထားရှိသည့် အလားအလာများကို စတင်တွေ့ရှိ နေရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက်နေ့က ရောဂါပိုးတွေ့ရှိသူ လူဦးရေ ၂၀၀၀ ကျော်ရှိရာမှ ရောဂါပိုးတွေ့ရှိမှု ကျဆင်းလာပြီး ရက်အလိုက် ရောဂါပိုးတွေ့ရှိမှု တိုးလာလိုက်၊ လျော့သွားလိုက်နှင့် အခြေအနေတန်းနေသည့် သဘောရှိသည်။ ရောဂါကျရိပ်ရှိသော လက္ခဏာဖြစ်ပြီး စိတ်ချရသည့် အခြေအနေရောက်အောင် ဝိုင်းဝန်းကြိုးပမ်းရမည်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်နိုင်ရန်မှာ ပြည်သူလူထု တစ်ရပ်လုံးက ကျန်းမာရေးအသိ၊ သတိဖြင့် အလေးထား ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည်ဖြစ်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အောက်တိုဘာလ ၂၃ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် ပတ်သက်၍ ပြည်သူများသို့ အစီရင်ခံတင်ပြရာ၌ အရေးအကြီးဆုံးကိစ္စ ဖြစ်သည့် stay at Home မြို့နယ်များ ကြေညာထားမှု မပြီးပြတ်သေး ကြောင်း ၊ ပြည်သူများအား သတိပေးခဲ့သည်။

ကိုကိုးကျွန်းမှလွဲ၍ stay at Home သတ်မှတ်ထားသော ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံ၏ ရေရှည်စီးပွားရေးအတွက် အရေးကြီးသည့် စက်ရုံ၊ အလုပ်ရုံများအား ပြန်လည်လည်ပတ်နိုင်ရန် စည်းကမ်းနှင့် ကိုက်ညီသည့် လုပ်ငန်းများအား အောက်တိုဘာလ ၁၂ ရက်နေ့မှစ၍ လည်ပတ်ခွင့်ပြုပေးခဲ့သည်။ တစ်ချိန်တည်းတွင် ကုန်ကြမ်းယူ ကုန်ချောပေး လက်ခစားလုပ်ငန်း CMP စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်သူများ အောက်တိုဘာလ ၂၁ ရက်နေ့အထိ လုပ်ငန်းခွင်သို့ သွားရောက်ခွင့်မပြုကြောင်း အမိန့်ထုတ်ပြန်ထားပြီး အောက်တိုဘာလ ၂၁ ရက်နေ့ ကျော်သောအခါ stay at Home မှ လွတ်ပြီဟုယူဆကာ ရန်ကုန်တွင် အားလုံးပုံ မှန်သွားလာ လှုပ်ရှားလုပ်ကိုင် လာကြသည်။

သို့ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးတွင် တည်ဆဲအမိန့်ဖြင့် stay at Home ရှိနေဆဲဖြစ်၍ စည်းမျဉ်း၊ စည်းကမ်းများသည် အသက်ဝင်နေဆဲဖြစ်ရာ ပြည်သူများအနေဖြင့် တန်းနေသော ကိုဗစ်-၁၉ ရောဂါ ပြန်လည်မြင့်မား လာခြင်းမရှိစေရန် ဆက်လက်သည်းခံ စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ လိုက်နာ နေထိုင်လုပ်ကိုင်ကြရန် အသိပေးအပ်ပါကြောင်း။