Skip to main content

မြန်မာ့ပညာရေးခေတ်သစ်သို့

လူ့ဘောင်လောကအစကာလမှ ယနေ့အထိ တိုးတက်ပြောင်းလဲလာသည့် လူ့ယဉ်ကျေးမှု သမိုင်းတွင် ပညာကဦးဆောင်၏။ သမိုင်းဦး ဘုံမြေခေတ်က ကျောက်လက်နက်ပစ္စည်း အသုံးအဆောင်များမှသည် ယနေ့ကိုင်တွယ်သုံးစွဲနေကြသော လက်ကိုင်ဖုန်း၊ ကွန်ပျူတာ အသီးသီး ထိသည် ပညာဖြင့် တည်ဆောက်ခဲ့သည်ဟု ဆိုသော် မှားအံ့မထင်။

အထူးသဖြင့် ၂၁ ရာစုသစ်ကို ပညာခေတ်ဟု အကျယ်လောင်ဆုံး ကြွေးကြော်ခဲ့ကြ၏။ လူမှုလောက၏ ထွန်းတောက်အောင်မြင်မှုများ ရယူရာတွင် ပညာ၏ အရေးပါပုံ၊ ပညာ၏ ပဓာနကျပုံကို အမြင့်ဆုံး တန်ဖိုးထားခဲ့ကြ၏။ လူတို့၏တီထွင်ဖန်တီးနိုင်မှု စွမ်းအားဆိုသည် တို့မှာ ပညာကို အခြေခံခဲ့ကြရသည်ချည်း။

မြန်မာတို့သည် ပညာကို အလွန်အင်မတန် တန်ဖိုးထားကြသူများဖြစ်၏။ မိဘတို့သည် မိမိ၏ ပိုင်ဆိုင်မှုကို သားသမီးတို့၏ ပညာရေးတွင် လုံးဝဥဿုံ ရင်းနှီးမြှုပ်နှံလိုစိတ်ရှိကြ၏။ ကိုယ်မစားရ လျှင်နေ၊ သားသမီး ပညာတတ်လျှင်တော်ပြီဟူသည့် မိဘများမှာ နိုင်ငံအဝန်းတွင် အမြောက်အမြားရှိ၏။ မိဘက အကြောင်းအမျိုးမျိုးကြောင့် ပညာမသင်ခဲ့ရ၊ ပညာမတတ် ခဲ့ရသော်မှ သားသမီးကို ဘွဲ့လေးတစ်ခုတော့ ရစေချင်၏။ အိမ်ရှေ့ဧည့်ခန်းတွင် သားသမီးတို့၏ ဘွဲ့ရဓာတ်ပုံကို ဂုဏ်ယူစွာ ချိတ်ဆွဲထားလို၏။ သားသမီးတို့ ဘွဲ့ယူပွဲကို အလှပဆုံးပြင်ဆင်ကာ ပါဝင်ဆင်နွှဲလို၏။ ဘွဲ့ဝတ်စုံဖြင့် သားသမီးတို့ကိုကြည့်ကာ ဝမ်းသာပီတိဖြင့် မျက်ရည် တလည်လည်။

သို့သော်လည်း ပညာကို တန်ဖိုးထားကြသော နိုင်ငံသားတို့၏ ကုသိုလ်ကံကား သိပ်မကောင်း ကြရှာ။ သားသမီးများကို ပညာတတ်စေလိုလှ၍ ခြိုးခြံချွေတာ အငတ်ခံ ပညာသင်ပေးခဲ့ကြသောကြောင့် သားသမီးတို့သည် ဘွဲ့များရခဲ့ကြ၏။ သို့သော်လည်း နိုင်ငံတကာနှင့်ယှဉ်လျှင် တူတူတန်တန်ဖြစ်သောပညာကို ကောင်းစွာမရခဲ့ကြ။ ပညာအစစ်ကို မရသော ပညာရေး တစ်ခေတ်၊ ပညာရေးစနစ်နှင့် ကြုံခဲ့ကြရလေသည်။

ပညာရှာမှီးမှု၏ အခြေခံဖြစ်သည့် ကိုယ်တိုင်စူးစမ်းကာ ကိုယ်တိုင်သိမြင်မှုဆိုသည့် အနှစ်သာရ ကို ဆုံးရှုံးရသည့်အခါ မြန်မာ့ ပညာရေးစနစ်သည် ယေဘုယျအားဖြင့် နိုင်ငံတကာအလယ်တွင် မျက်နှာငယ်စရာဖြစ်ခဲ့ရသည်။

ပညာကို ကိုယ်တိုင်လေ့လာ၊ ကိုယ်တိုင်ရှာဖွေ၊ ကိုယ်တိုင်ကြိုးစားကြရင်း ထိုးထွင်းပေါ်ထွက် လာသည့် မျိုးဆက်သစ်လူငယ်တို့ နိုင်ငံတကာအသီးသီးသို့ ခြေဆန့်ပညာရှာကြရန် အားထုတ် ကြသည်ကိုလည်း ထိုခေတ်၊ ထိုအစိုးရ၊ ထိုအာဏာရှင် အဆက်ဆက်က အားမပေးခဲ့။ နိုင်ငံတကာခြေဆန့် ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သော နိုင်ငံကူးလက်မှတ်ကိုပင် ပညာသင်ကြားရေးဟူသည့် ခေါင်းစဉ်ဖြင့် လျှောက်ခွင့်မပြု။ ပြည်တွင်းပညာရေးစနစ် မြှင့်တင် ရေးကိုလည်း အလေးမမူခဲ့ကြ။ တိုင်းပြည်၏ ပညာရေးဘတ်ဂျက်ကို တိုးမြှင့်ရန် ဝန်လေးခဲ့ကြ။

သည်လိုနှင့် ပညာကို အလွန်တန်ဖိုးထားကြသည့် မိသားစုများ ကြားတွင် ပညာအစား ဘွဲ့ အမျိုးအစား၊ စာမေးပွဲရမှတ်၊ ဂုဏ်ထူး မည်ရွေ့မည်မျှဟူသည်တို့က ပိုမိုအရေးပါလာသည်။ ဘွဲ့ရဖို့၊ စာမေးပွဲ ရမှတ်ကောင်းဖို့၊ ဂုဏ်ထူးများများရဖို့ ဖြတ်လမ်းနည်း အမျိုးမျိုး သည်လည်း ခေတ်နှင့်အညီ ပေါ်ပေါက်လာလေရာ ပညာ၏ တန်ဖိုး ဆိုသည်မှာ စာမေးပွဲရမှတ် အနည်းအများ ဖြစ်လာသည်။ ငွေတတ် နိုင်မှုပေါ်တည်လာ၏။ ဘွဲ့ဝတ်စုံဝတ်ဆင်ရခြင်းက ပညာ၏ တန်ဖိုး ကဲ့သို့ ဖြစ်လာသည်။ ထိုထိုသော ဘွဲ့ထူး၊ ဂုဏ်ထူးများကို ငွေပေး ဝယ်ယူလို့ ရနိုင်သည့် အလိမ်အညာ အဖျင်းအလှေး ပညာအတု ဖြန့်ဝေရာဌာနတို့ကို ဆက်သွယ်ကာ ထိုဘွဲ့၊ ထိုဂုဏ်ထူးတို့ကို ဝယ်ယူကြ၏။ ထို ငွေပေး ရယူဘွဲ့တို့ကိုပင် တန်ဖိုးတစ်ခုပမာ သဘောထား ကာ ဝင့်ထည်ကြွားဝါနေကြသည်ထိ ပညာရေးဆိုင်ရာ တန်ဖိုးထားမှုနှင့် အတွေးအယူတို့ ပျက်စီး၊ နိမ့်ကျ၊ ဆုတ်ယုတ်ခဲ့ရလေသည်။

ယခုတ်ပြောင်းချိန်ဟုကြွေးကြော်ကြရာတွင် ပညာရေးစနစ် တိုးတက်ပြောင်းလဲနိုင်ရေးကို အထူး အလေးပေးလာနေပြီ ဖြစ်သည်။ ပညာရေးဘတ်ဂျက်ကို များစွာတိုးမြှင့်လိုက်ပြီး ပညာရေး စနစ်ကို အခြေခံမှစကာ ပြောင်းလဲနိုင်ရေးအတွက် နည်းလမ်းစုံကို ချမှတ်ပြဋ္ဌာန်းလာနေပြီ။

ပညာကို တန်ဖိုးထားသော မြန်မာပြည်သူလူထု၏ စိတ်ဓာတ်ကိုလည်းကောင်း၊ အလေးအနက် ထားဆောင်ရွက်ရမည့် အမျိုးသား ပညာရေးစနစ် ပြန်လည်ဆန်းသစ်မှုတို့ကို လည်းကောင်း အခြေပြု၍ ဆက်လက်အားထုတ်ဆောင်ရွက်ခြင်းဖြင့် ပညာဉာဏ်ရင့်သန်သော နိုင်ငံသားများကို မွေးမြူနိုင်ကြပါစေကြောင်း။ ။