မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၏ သီတင်းကျွတ်ရာသီ ရောက်လာပြီဖြစ်သည်။ အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ သီတင်းကျွတ်ကာလ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားသည်။ အများပြည်သူတို့အဖို့ သီတင်းကျွတ်ပိတ်ရက် ငါးရက်အတွင်း မြတ်စွာ ဘုရားရှင်အား ရည်မှန်း၍လည်းကောင်း၊ မိသားစုများ စိတ်နှလုံး အေးချမ်းကြည်နူး ရွှင်ပျော်စေရန် အတွက်လည်းကောင်း မိမိတို့နေအိမ်၌ သီတင်းကျွတ် မီးထွန်းသဘင်ကို ဆင်ယင်ကျင်းပနိုင်ပြီဖြစ်သည်။
ယခုအခါ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေဆဲဖြစ်၍ ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး စည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များအရ လူစုလူဝေးဖြင့် ပွဲလမ်းသဘင် ပျော်ပွဲရွှင်ပွဲ ဆင်နွှဲခြင်းများကို ရှောင်ရှားရမည်ဖြစ်သည်။ အစဉ်အလာမပျက် နိုင်ငံတစ်ဝန်းတွင်ကျင်းပလေ့ရှိသည့် မြန်မာ့ရိုးရာ သီတင်းကျွတ် ဆီမီးထွန်းပူဇော်ပွဲကို မိမိတို့နေအိမ်တွင်သာ ကျင်းပပြုလုပ်ကြခြင်းဖြင့် အစဉ်အလာလည်းမပျက်၊ မိမိတို့မိသားစု လည်း စိတ်နှလုံးပျော်ရွှင်ချမ်းသာ၊ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး စည်းမျဉ်းများကို လိုက်နာရာလည်း ရောက်ပေသည်။
သီတင်းကျွတ်ကာလနှင့်ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အောက်တိုဘာလ ၂၆ ရက်နေ့ တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြရာ၌ “သီတင်းကျွတ်အတွက် အစီအစဉ်တွေ လုပ်တဲ့အခါမှာ လူစုလူဝေးမဖြစ်တဲ့ အစီအစဉ်တွေပဲ လုပ်ဖို့ ကျွန်မအနေနဲ့ သတိပေးချင်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် အဓိကကျသည့် ရာသီပွဲတော်ဖြစ်သည့် သီတင်းကျွတ်နှင့် သင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်း၌ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဆင်နွှဲလေ့ရှိသည်။
ယခု ၁၃၈၂ ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသဖြင့် ပြီးခဲ့သည့် သင်္ကြန်ပွဲတော်၌ စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်ကာ လူစုလူဝေးဖြင့် ဆင်နွှဲပျော်ရွှင်မှုများအား ရှောင်ရှားနိုင်ခဲ့သည်။ သင်္ကြန်ပွဲတော် ကို မဆင်နွှဲဖြစ်သော်လည်း ပြည်သူများ ရောဂါကင်းဝေးရေး ကူးစက်ရောဂါ မပြန့်ပွားအောင် ဆောင်ရွက်နိုင်ခဲ့ သည်။ ယခုသီတင်းကျွတ်ရာသီပွဲတော်သည် အဓိကမှာ နေအိမ်နှင့် ရပ်ရွာအတွင်း ဆီမီးထွန်းညှိပူဇော်သည့် ပွဲတော်ဖြစ်ပြီး ရပ်ရွာများအတွင်း မဆင်နွှဲဘဲ မိမိတို့ နေအိမ်တွင်ပင် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ထွန်းညှိ ပူဇော်မှုပြုလုပ်ခြင်းသည်သာ အသင့်မြတ် ဆုံးဖြစ်သည်။
သီတင်းကျွတ် အခါကာလသည် ဘာသာရေးဆိုင်ရာ ယဉ်ကျေးမှုအစဉ် အလာပွဲတော်ဖြစ်သည်။ ညချမ်းအချိန်တွင် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဆီမီးထွန်းညှိပူဇော်ကာ အခြားကုသိုလ်ကောင်းမှု ပြုဖွယ်ရာ အမျိုးမျိုးတို့ကို ပြုလုပ်ကြသည့် ထူးကဲမွန်မြတ်သော အခါကာလဖြစ်သည်။ မိမိတို့နေအိမ် တွင်ပင် မြတ်စွာဘုရားရှင်အား ဦးထိပ်ထားပြီး ရတနာသုံးပါးတို့အား ရည်မှန်းပူဇော်ခြင်း၊ မေတ္တာ ဘာဝနာ ပွားများခြင်း၊ တရားရှုမှတ်ခြင်း၊ ဘုရားဝတ်ပြုခြင်း၊ မိမိတို့နေအိမ်ရှိ သက်ကြီးရွယ်အို မိဘ ဘိုးဘွား၊ အသက်အရွယ်အလိုက် မိမိထက်ကြီး သူများအား ပူဇော်ကန်တော့ခြင်းဖြင့် ကောင်းမှု ကုသိုလ်များ ရယူနိုင်ကြသည်။
ထို့နောက် ကုသိုလ်လည်းရ နေအိမ်လည်းလှပပြီး နေအိမ်ရှိ မိသားစုများလည်း စိတ်ရွှင်လန်း ချမ်းမြေ့စရာ ဖြစ်သည့် မိမိတို့၏ နေအိမ်အသီးသီးတွင် မီးပုံးလှလှလေးများ၊ ဆီမီးရောင်စုံလေးများ၊ ဆီမီးအလင်းတိုင်များ ထွန်းလင်းပူဇော်ခြင်းသည် မိသားစုဘဝများအတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခြင်းဖြစ်သည်။ ယခုအချိန်ကာလတွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်အချိန် ကြာမြင့်လာပြီဖြစ်ရာ တစ်နှစ်ပတ်လည် လောက်ပင်ရှိလာပြီဖြစ်သည်။ ။
ပျော်ရွှင်ချမ်းမြေ့ ကိုယ်စိတ်မြူးထူးစွာ နေထိုင်တတ်သော၊ ၁၂ လရာသီ ပွဲသဘင်များ မပြတ်ဆင် လေ့ရှိသော မြန်မာပြည်သူ ပြည်သားများသည် ယင်းပွဲတော်တို့နှင့် ကင်းဝေးနေသဖြင့်လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ နေအိမ်တွင်သာ Stay at Home နေရသဖြင့်လည်းကောင်း အချိန်ကြာမြင့်လာသည်နှင့်အမျှ စိတ်နှလုံးမွန်းကျပ် ထွက်ပေါက်မရဖြစ် နေကြသည်။ ထိုအချိန်အခါတွင် သီတင်းကျွတ် ရာသီကာလသို့ ရောက်ရှိလာ ပြီဖြစ်၍ ကုသိုလ်လည်းရ၊ စိတ်နှလုံး ချမ်းမြေ့စရာလည်း ရသည့် ပြုလုပ်မှုများကို မိသားစုအလိုက် စီစဉ်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုအစဉ်အလာ ၁၂ လရာသီပွဲတော်များတွင် မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် သီတင်းကျွတ်ရာသီဆီမီးထွန်း ပူဇော်ပွဲကို ယခင်နှစ်များနှင့်မတူ တစ်မူထူးခြားစွာ ဆင်နွှဲပြု လုပ်နိုင်ရန် မိမိတို့နေအိမ်တွင်သာ ဆီမီးထွန်းညှိပူဇော်ကြခြင်းသည် ကုသိုလ်ရ၊ စိတ်ချမ်းသာ၊ ကိုဗစ်စည်းကမ်း လိုက်နာ ဟူသည့် အကျိုးသုံးမျိုး ထူးစေမည်ဖြစ်ပါကြောင်း။ ။