သစ်ပုပ်ပင်ဟုဆိုလိုက်သည်နှင့် ကျွန်တော်တို့သည် မြကျွန်းညိုညို၊ တက္ကသိုလ်ကို ပြေး၍ သတိရမိကြမည်ဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော် သစ်ပုပ်ပင်နှင့်တက္ကသိုလ်မြေ၊ တက္ကသိုလ်မြေနှင့် သစ်ပုပ်ပင်တို့သည် ဒင်္ဂါးပြား တစ်ပြား၏ ခေါင်းနှင့်ပန်းကဲ့သို့ ခွဲခြား၍မရ သောကြောင့် ဖြစ်ပါသည်။
တက္ကသိုလ်မြေ ၊ တက္ကသိုလ်လောက၊ တက္ကသိုလ်ပညာရေးဟု ဆိုကြလျှင် ရန်ကုန်တက္ကသိုလ်ကို ဦးစွာသတိရမိကြပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ရန်ကုန်တက္ကသိုလ်သည် မြန်မာနိုင်ငံ တစ်နံ တစ်လျားရှိ တက္ကသိုလ်၊ ကောလိပ် အားလုံး၏ (သို့မဟုတ်) အဆင့်မြင့်ပညာရေး စနစ်ကြီး တစ်ခုလုံး၏ မိခင်မာတာ၊ တက္ကသိုလ်ကောလိပ်အားလုံး၏ ရှေ့သွားခေါင်းဆောင်ဖြစ်ခြင်းကြောင့် ပင်တည်း။
၁၉၂၀ ပြည်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ရန်ကုန်တက္ကသိုလ်ကို စတင် တည်ထောင်လိုက်သည်။ ထိုစဉ်က တက္ကသိုလ်ဟု မခေါ်သေးပါ။ ရန်ကုန် ယူနီဗာစီတီကောလိပ်ဟုလည်းကောင်း၊ ရန်ကုန်ယူနီ ဗာစီတီ ကျောင်းတိုက် ဟုလည်းကောင်း ခေါ်ဆိုခဲ့ကြသည်။ နောင်တွင် ဆရာကြီးဦးဖေမောင်တင် ဦးစီးသည့် ဝေါဟာရဘာသာပြန်ကော်မတီက University ကို တက္ကသိုလ်ဟု ဘာသာပြန်သုံးစွဲ လိုက်မှသာ ရန်ကုန် တက္ကသိုလ်ကျောင်းတိုက် ဖြစ်လာပါသည်။ ရန်ကုန်တက္ကသိုလ်တွင် ယနေ့ မြင်တွေ့နေရသော အဓိပတိ လမ်း (Chancellor Road) ၏ အနောက်ဘက်ခြမ်းသည် ယုဒသန် ကောလိပ် (Judson College) ဖြစ်၍ အရှေ့ဘက်ခြမ်းသည် ရန်ကုန်ယူနီဗာစီတီဖြစ်သည်။ ယင်းနှစ်ခု ပေါင်းကို ရန်ကုန်ယူနီဗာစီတီကောလိပ် (နောင် ရန်ကုန်တက္ကသိုလ် ကျောင်းတိုက်) ဟုခေါ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် တက္ကသိုလ်ရိပ်သာလမ်း တောင်ဘက်ခြမ်းတွင် ဘီအိုစီကောလိပ်၊ ပညာရေးကောလိပ်တို့ တိုးချဲ့ ပေါ်ပေါက်လာခဲ့သည်။ ရန်ကုန်တက္ကသိုလ်ဧရိယာအဖြစ် လျာထားမြေသည် ယခုဘောင်ဒရီလမ်း (ဓမ္မစေတီလမ်း) အထိရှိခဲ့သည်ဟု မှတ်သားရဖူးပါ သည်။
ထိုစဉ်က တက္ကသိုလ်၏အကြီးအကဲကို ပါမောက္ခချုပ်ဟုမခေါ်ဘဲ အုပ်ချုပ်ရေးအရာရှိ (Administrative Officer) ဟု ခေါ်ဝေါ်သုံးစွဲခဲ့သည်။
မြန်မာလိုကျောင်းအုပ်ကြီးဟုလည်း ခေါ်ဝေါ်ခဲ့ကြသည်။ ၁၉၅၃ ခုနှစ်ရောက်မှသာ ပါမောက္ခချုပ်ဟု စတင်သုံးနှုန်းခဲ့သည်။ တက္ကသိုလ်နယ်မြေသည်လည်း ရန်ကုန်မြူနီစီပယ်(စည်ပင်သာယာရေးအဖွဲ့)၏ လက်အောက်တွင်မရှိဘဲ (သို့မဟုတ်) အစိုးရလက်အောက် တွင် မရှိဘဲ တက္ကသိုလ်ကောင်စီက သီးခြား အုပ်ချုပ်ခွင့်ရခဲ့သော နယ်မြေဖြစ်သည်။ တက္ကသိုလ်သည် အစိုးရအထောက်အပံ့ကို ခံယူသော်လည်း အစိုးရလက်အောက်ခံမဟုတ်သော သီးသန့်အဖွဲ့အစည်း ဖြစ်ပါသည်။ ဘုရင်ခံ (နောင် ဝန်ကြီးချုပ်)က အဓိပတိအဖြစ် ဆောင်ရွက်သော်လည်း တက္ကသိုလ်၏ပညာရေးနှင့် အုပ်ချုပ်ရေးကို စီမံခန့်ခွဲဆောင်ရွက် သော အဖွဲ့အစည်းမှာ တက္ကသိုလ်ကောင်စီ သာလျှင်ဖြစ်သည်။ နောင်မန္တလေးတွင် ၁၉၃၆ ခုနှစ်၌ ဥပစာကောလိပ်၊ ထိုမှ ဒီဂရီကောလိပ် ဖွင့်လှစ်ရာတွင်လည်း ရန်ကုန်တက္ကသိုလ်နှင့် ပူးပေါင်းဖွဲ့စည်း ထားသဖြင့် ဘွဲ့ကို ရန်ကုန်တက္ကသိုလ်က ပေးအပ်သည်။ မန္တလေးတွင် ဆေးပညာမဟာဌာန (ဆေးသိပ္ပံ) ဖွင့်သောအခါတွင်လည်း ရန်ကုန်တက္ကသိုလ်ကဘွဲ့ပေးသည်။ ၁၉၅၈-၁၉၅၉ ခုနှစ် မန္တလေးတက္ကသိုလ် သီးခြားဖွင့်လှစ်ချိန်တွင်မှ ဆေးပညာဘွဲ့များ အပါအဝင် ဝိဇ္ဇာ၊ သိပ္ပံဘွဲ့များကို မန္တလေးတက္ကသိုလ်က ပေးအပ်သည်။
ရန်ကုန်တက္ကသိုလ်သည် သီးခြားလွတ်လပ်သော အဆင့်မြင့်ပညာရေး အဖွဲ့အစည်းကြီးအဖြစ် အာရှနိုင်ငံ များက လေးစားရသော တက္ကသိုလ်အဖြစ် ရပ်တည်နေဆဲ ၁၉၆၂ ခုနှစ်တွင် အာဏာရ ယူခဲ့သော တော်လှန်ရေး ကောင်စီခေတ်၌ နိုင်ငံပိုင်သိမ်းယူလိုက်၍ အစိုးရပိုင်နယ်မြေများ ဖြစ်သွား သည်။ တက္ကသိုလ်ပညာသင်ကြားရေးနှင့် စီမံခန့်ခွဲရေးကိစ္စအားလုံးကို အစိုးရက ချုပ်ကိုင်လိုက်သည်။ ၁၉၆၄ ခုနှစ် စနစ်သစ်ပညာရေးစတင်ချိန်တွင်မူ ရန်ကုန်တက္ကသိုလ်စနစ်ဖြင့် ဖွဲ့စည်းထားသောဌာန များသည် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ် စသည်ဖြင့် သီးခြားတက္ကသိုလ်များ အဖြစ် ခွဲထွက်သွားခဲ့သည်။
ရန်ကုန်တက္ကသိုလ်တည်ရာနယ်မြေသည် ယခင်က ပိန္နဲ၊ မရန်း၊ သရက်၊ သစ်တို စသော ဥယျာဉ်ခြံ မြေကြီးဖြစ်သည်။ တောနှင့် ခြံမြေတို့ရောနှောနေသော ဒေသဖြစ်သည်။ လှည်းတန်းသည် အင်းစိန် စသည့်ရွာများမှ ရန်ကုန်သို့လာသော နွားလှည်းများစခန်းချရာ အိမ်စုလေးဖြစ်သည်။ အင်းလျား ကန်မြောက်ဘက်ခြမ်း ဒေသတစ်ခုလုံးမှာ ခြံနှင့် တောများသာဖြစ်ပြီး ရွာတန်းရှည်မှာ သာမန်ဇန ပုဒ်လေး မျှသာဖြစ်သည်။ ယခု ရွှေတောင်ကြား၊ ဝင်ဒါမီယာရပ်ကွက်များမှာ အင်းလျားကန်၏ ကန်စွယ်များသာဖြစ်၍ ရေကန်၊ စမ်းချောင်း၊ ကမူလျှိုမြောင်များ အတိပြည့်နေသည့် စုံမြိုင် တန်းဖြစ်သည်။
လွန်ခဲ့သော နှစ် ၉၀ ကျော်ခန့် ဆရာကြီး မင်းသုဝဏ်တို့ ကျောင်းသားဘဝက ကောလိပ်မှ ရွှေတိဂုံသို့ ခြေကျင်သွားလျှင် အဆိုပါတောအုပ်မြိုင်တန်း စိမ့်စမ်းများကြားမှ ဖြတ်သွားရပြီး ကျေးငှက်နှင့် သတ္တဝါ လေးများတွေ့ရပုံကို အမှတ်တရရေးဖူးပါသည်။ နောက်ပိုင်းတွင် ကန်စွယ် များကို မြေဖို့၍ ကားလမ်းနှင့် လူနေအိမ်များ တည်ဆောက်ခဲ့ကြသည်။ “ရှေးဦး တည်ထောင် ကျောင်းညီနောင်”ဟု ဆိုစမှတ်ပြု ကြသော တကောင်းဆောင်နှင့် ပြည်ကျောင်းဆောင်တို့အနီးသို့ ကျားသစ်များရောက်သော မှတ်တမ်းများ ကို ဖတ်ရဖူးပါသည်။ ဆိုလိုသည်မှာ ထိုစဉ်က ရန်ကုန်တက္ကသိုလ်နယ်မြေတစ်ဝိုက် သည် စိမ့်ကြီးမြိုင်ကြီးထူထပ်သော အနေအထားတွင်ရှိခဲ့သည်ဟု ပြောလိုရင်း ဖြစ်ပါသည်။
ရန်ကုန်တက္ကသိုလ်တည်ဆောက်ရန် တောများကို ရှင်းလင်းပစ်သည့်အခါ ပရဝဏ်တစ်နေရာတွင် အလွန်လှပဖြောင့် သွယ်မြင့်မားသည့် သစ်ပုပ်ပင်ကြီးကို တွေ့ရှိကြသည်။ တည်ဆောက်မည့် ပုံစံပြဇယားထဲတွင် သိပ္ပံအဆောက်အအုံ တည့်တည့်နေရာ၌ တွေ့ရှိရခြင်း ဖြစ်သည်။ တောရှင်းသည့် အခါအဆောက်အအုံနှင့် လမ်းဧရိယာများ မလွတ်ကင်းသမျှကို ခုတ်ထွင်ပစ်ပြီး ခုတ်လှဲရန် မလိုသော အပင်အချို့ကို ချန်ထားခဲ့ကြသည်။
ယခုသစ်ပုပ်ပင်မှာ ဆောက်လုပ်မည့်အဆောက်အအုံများနှင့် လွတ်လွတ်ကင်းကင်း ရှိနေရုံမျှမက မြင့်မားလှပကြော့ရှင်းခံ့ညားသည့်အတွက် သူ့ကို မခုတ်လှဲဘဲ အမှတ်တရချန်ထားခဲ့ကြသည်။ သစ်တောပညာရှင်တို့၏ တွက်ချက်မှုအရ ၁၉၂၀ အလွန်နှစ်များကပင် ဤသစ်ပုပ်ပင်၏သက်တမ်းမှာ အနည်းဆုံးနှစ် ၂၀၀ နှင့် ၂၅၀ ကြားရှိနေပြီဟု သတ်မှတ်ကြသည်။ ထိုသို့ သက်တမ်းရင့်ခြင်း၊ ထင်သာ မြင်သာရှိခြင်း၊ လှပကြော့ရှင်းခြင်း၊ သူ့ကိုနောက်ခံထားမည့် အဆောက်အအုံများနှင့် ပနံရခြင်း တို့ကြောင့် သစ်ပုပ်ပင်ကြီးကို တက္ကသိုလ်၏ သင်္ကေတ (Symbol) အဖြစ် ထားရှိခြင်းဖြစ်သည်။ သိပ္ပံအဆောက်အအုံရှေ့မှ သစ်ပုပ်ပင်ခြေရင်းအထိလည်း မြက်ခင်းစိမ်းများဖြင့် တန်ဆာဆင်ခဲ့ကြသည်။
ဤသို့အားဖြင့် သစ်ပုပ်ပင်ကြီးသည် တက္ကသိုလ်မြေ၏ ဝိသေသလက္ခဏာ တစ်ရပ်ဖြစ်လာခဲ့သည်။ နှစ်များစွာကြာလာသည်နှင့်အမျှ သစ်ပုပ်ပင်ကြီးမှ ပင်ခြေမြစ်စောင်း (ဇောင်း) များသည် ထူထဲသည် ထက်ထူထဲ၍ ကြီးမားသည် ထက်ကြီးမားလာသည်။ သစ်ပုပ်ပင်ကြီးကို ထူထဲခိုင်မာလှသော အသားပြည့် ဒေါက်ကြီးများဖြင့် ထောက်ပံ့ပေးထားသကဲ့သို့ ရှိလာသည်။ သစ်ပုပ်ပင်ကြီး၏ အရိပ်နှင့် ပင်ခြေ မြစ်ပါးပျဉ်းများကြားတွင် ကျောင်းသား ကျောင်းသူတို့ ခြေဆင်းလက်ဆန့် အေးရာအေးကြောင်း အနားယူခဲ့ကြသည်။ စာပေဆွေးနွေး ခဲ့ကြသည်။ နိုင်ငံ့အရေးအရာများ အသိချင်းဖလှယ်ခဲ့ကြသည်။ သင်ခန်းစာများကို ဖတ်ရှုကျက်မှတ်ခဲ့ကြသည်။ စာမေးပွဲကာလများကို ဖြတ်သန်းခဲ့ကြသည်။ ချစ်သူ လုလင်ပျို၊ လုံမပျိုတို့ စကားတီးတိုးဆိုခဲ့ကြသည်။ သစ်ပုပ်ပင်ကြီး၏ အလှကိုငေးမောရင်း အဝေးအနီး မြင်ကွင်းများဖြင့် ဓာတ်ပုံမှတ်တမ်းများ တင်ခဲ့ကြသည်။ တက္ကသိုလ်မြေနှင့် ပတ်သက်သော ဝတ္ထု၊ ဆောင်းပါး၊ ကဗျာ၊ ရသစာတမ်း၊ တေးသီချင်း ခံစားချက်များတွင်လည်း သစ်ပုပ်ပင်ကြီးသည် တက္ကသိုလ်သက်တမ်းနှင့်အမျှ လွင့်မျောပါဝင်နေဆဲပင် ဖြစ်ပေသည်။
သစ်ပုပ်ပင်ကြီးသည် ယခုဆိုလျှင် သက်တမ်းနှစ် ၃၀၀ နှင့်အထက် အနည်းဆုံးရှိခဲ့ပေပြီ။ နှစ်ရာချီ၍ သက်တမ်းရှည်နိုင်သော သစ်ပုပ်ပင်ကြီးသည် ရန်ကုန်တက္ကသိုလ်၏ ရာပြည့်ကာလများကို ကိုယ်စား ပြုနေသော သမိုင်းဝင် မှတ်တိုင်ကြီးပင်တည်း။ သူ၏ရှေ့မှ ခေတ်အဆက်ဆက် ကျောင်းသား ကျောင်းသူတို့ ဖြတ်သန်းသွားခဲ့ကြပေပြီ။ သူ့ရှေ့တွင်ပင် စာပေ၊ ဂီတ၊ အနုပညာ၊ အားကစား နှင့် နိုင်ငံရေး ရေစီးကြောင်း၊ အမျိုးသားရေး ရေစီး ကြောင်းတို့ တပြောင်းပြန်ပြန် စီးဆင်းခဲ့ပေပြီ။ ၁၉၂၀ ပြည့် ကျောင်းသားသပိတ်၊ ၁၉၃၆ ခုနှစ် ဒုတိယကျောင်းသားသပိတ်၊ ၁၃၀၀ ပြည့် အရေးတော်ပုံ၊ ဒုတိယ ကမ္ဘာစစ်ကြီး၊ ဂျပန်နှင့် မဟာမိတ်တို့၏ တပ်ဆွဲထားမှု၊ ဖဆပလခေတ်၊ အိမ်စောင့်အစိုးရခေတ်၊ ပထစခေတ်၊ လမ်းစဉ်ပါတီခေတ်၊ စစ်အစိုးရခေတ်၊ ဒီမိုကရေစီသို့ ရှေးရှုသောခေတ်၊ ဦးသန့်အရေး အခင်း၊ မှိုင်းရာပြည့်၊ အလုပ် သမားအရေးအခင်းပုံရိပ်များနှင့် ပေါက်ကွဲသံများကြားမှ လွင့်စဉ်ကွယ် ပျောက်သွားသော ကျောင်းသားသမဂ္ဂ၊ တက္ကသိုလ်၏ စည်ကားသစ်လွင်သော နေ့ရက်များ ဤအရာ အားလုံးကို သစ်ပုပ်ပင်ကြီးသည် မတုန်လှုပ်သော ဣန္ဒြေသမ္ပတ္တိ ဖြင့် ကြည့်၍ ဥပေက္ခာပါရမီကို ဖြည့်ကျင့်ခဲ့ပေပြီ။
သိမီလိုက်သူတို့၏အဆိုအရ တက္ကသိုလ် ငွေရတုခေတ် ၁၉၄၅ ခုနှစ် လောက်မှစ၍ သစ်ပုပ်ပင်ကြီးသည် သိသိသာသာ ပိုမိုမြင့်မား လာခြင်းမရှိဘဲ ယခုအမြင့်အနေအထားသို့ရောက်ခဲ့ပြီး ဘေးဘက်သို့သာ သစ်ကိုင်းများ အနည်းငယ် ဖြာထွက်ခဲ့သည်ဟု ဆိုကြသည်။ သစ်ပုပ်ပင်ကြီးမှ ရော်ရွက်ဝါတို့ ခြွေချလိုက်၍ ရိုးတံပြိုင်းပြိုင်းဖြင့် ကမ္မဋ္ဌာန်းဈာန်ဝင်ပြီဆိုလျှင်(တစ်ချိန်က) တက္ကသိုလ်၏ စာမေးပွဲရာသီ သို့ ရောက်ပေပြီ။ မိုးဦးတွင် သစ်ပုပ်ပင်ကြီး၏ အခက်အလက်များအားလုံး၌ မြစိမ်းရောင်သစ်ရွက်တို့ ဝေဆာပြီဆိုလျှင် တက္ကသိုလ်၏ စာသင်နှစ်တစ်နှစ် ပြန်လည်လာပြန်ပြီ၊ သစ်ပုပ်ပင်ကြီးသည် အရွယ်ညောင်း၍ ဇရာထောင်းလာပြီဖြစ်သော်လည်း ရွက်ဟောင်းကြွေချိန် တွင် ပုံမှန်ကြွေ၍ ရွက်သစ် ဝေချိန်တွင် ပုံမှန်ဝေဆဲ၊ သဘာဝတာဝန်ကို ထမ်းဆောင်ဆဲဖြစ်သည်ဟု ဆိုရပေမည်။
၁၉၅၇-၅၈ ခုနှစ် မှတ်တမ်းအချို့အရ သစ်ပုပ်ပင်ကြီး၏ ပင်စည်လိုဏ်ခေါင်း တွင်း၌ မီးလောင် ဖူးကြောင်း သိရသည်။ ထိုစဉ်က သစ်ပုပ်ပင်ကြီး၏ အလယ် အူကြောင်းအတိုင်း ခြများလှိုက်စားပြီး ခြအိမ်များ ဆောက်ထားခဲ့သည်။ နွေရာသီတစ်ရက်လျှင် မြက်ပင်ခြောက် များ မှတစ်ဆင့် မီးကူးပြီး သစ်ပုပ်ပင်အခေါင်းတွင်းရှိ ဆွေးမြေ့နေသော သစ်သားများ၌ စွဲကပ်နေသော ခြအိမ်များကိုပါ မီးစွဲလောင် တော့သည်။ သစ်ပုပ်ပင်ထိပ်အလယ်တည့်တည့်မှ မီးခိုးများ အူထွက်နေရာ စက်ရုံကြီးတစ်ရုံ၏ခေါင်းတိုင်မှ မီးခိုးများ တလူလူလွင့်ထွက် နေပုံနှင့် တူသေးသည်ဟု ဆိုကြသည်။
ရန်ကုန်မီးသတ်တပ်ဖွဲ့က မီးသတ်လှေကားများထောင်ပြီး သစ်ပင်ထိပ် ပင်စည်ခေါင်းမှနေ၍ မီးသတ်ပိုက်ဖြင့် ထိုးချမှ မီးငြိမ်းသွားပြီး အောက်ခြေ လိုဏ်ခေါင်းဝပတ်ဝန်းကျင်တွင် ခြစာမြေများမှာ ရွှံ့တုံးများကဲ့သို့ ပြန့်ကျဲထွက် နေကြောင်း မှတ်တမ်းတင်ခဲ့ကြပါသည်။
ရန်ကုန်တက္ကသိုလ်စိန်ရတု ၁၉၉၅ ခုနှစ် သက်တမ်းဝန်းကျင်တွင်မူ သစ်ပုပ်ပင်ကြီးသည် မြောက်ဘက် သို့ အနည်းငယ်ငိုက်လာသည်ကို တွေ့ရသည်။ သစ်ပုပ်ပင်ကြီး၏ ခြေရင်းပါးပျဉ်းမြစ်ကြီး များမှာ ကာလယန္တရား၏ တိုက်စားမှုကြောင့် ပိုးမွှားကောင်များလက်ချက်ဖြင့် အခေါင်းပေါက်များ ဖြစ်လာ သည်။ ပင်ခြေတွင် တိုးလျှိုပေါက် အပေါက်ကြီးတစ်ခုဖြစ်လာ၍ ကဗျာပိုဆန်လာ ပါသည်။ ထိုကဗျာ ဆန်မှုကိုသာ လက်ခံထားလျှင် သစ်ပုပ်ပင်ကြီးအတွက် အန္တရာယ်ဖြစ်လာနိုင်သဖြင့် ထိုစဉ်က ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ရုက္ခဗေဒ ပါမောက္ခနှင့် သစ်တောဦးစီးဌာနမှ ပညာရှင်များ ညှိနှိုင်းပြီး သစ်ပုပ်ပင်ကို ထိန်းသိမ်းရန်စီစဉ်ခဲ့ကြသည်။
သစ်ပုပ်ပင်မျိုးစိတ်တော်တော်များများရှိရာတွင် ရန်ကုန်တက္ကသိုလ်၏ သင်္ကေတစာ သစ်ပုပ်ပင်ကြီးမှာ အလွန်ရှားပါးသော မျိုးစိတ်ဖြစ်သည်။ သက်တမ်းလွန်နေပြီဖြစ်သော သစ်ပုပ်ပင်ကြီးသည် အပွင့်၊ အသီးများလည်း မဖြစ်ထွန်းတော့သဖြင့် မျိုးဆက်ပြတ် တော့မည့် ရှားပါးသစ်ပင်ကြီး ဖြစ်ပါသည်။ ထို့ကြောင့် သစ်ပုပ်ပင်ဝန်းကျင်မှ ချုံနွယ်တို့ကို ရှင်းသည်။ သစ်ခေါင်း ပေါက်ကြီးထဲမှ ခြအိမ်၊ ပိုးအိမ်များကို ရှင်းပစ်သည်။ ထို့နောက် သစ်ပင်ကို မထိခိုက်နိုင် သည့် ပိုးသတ်ဆေးများဖျန်းသည်။ အတွင်းရှိပိုးအိမ်၊ ခြအိမ်နှင့် သစ်ဆွေးများကို ကုန်စင်အောင်သုတ်သင်ပြီးနောက်ထိပ်မှအောက်ခြေ အထိ ဘိလပ်မြေဖြင့် ပိတ်သည်။ အပင်အောက်ခြေကိုလည်း တောင်ဘက်မှ ဆယ်ပေခန့် မြေတူးပစ်ပြီး မြစ်မကြီးများပေါ်မှ ဘိလပ်မြေဖြင့် ဖိသိပ်ထားလိုက်သည်။ အပင်၏ Tissue ဖြစ်စဉ်အရ အပင်ကလာပ် စည်းနှင့် အသားမျှင်တို့က ဘိလပ်မြေနှင့် ကပ်သွားပြီး အောက်ခြေပိုမိုခိုင်မာစေရန် ဖြစ်သည်။ နောက်ပိုင်းတွင်မူ အပင်ခြေရင်းမှသံတိုင်များ ကာထားလိုက်ပါသည်။ အဘယ်ကြောင့်ဆိုသော် လက်ဆော့သူအချို့က အပင်ခြေရှိသစ်ပါးပျဉ်းကြီးများနှင့် ကွန်ကရစ်နံရံတို့အပေါ်တွင် Correction Penဖြင့် စာများ၊ ရုပ်ပုံများရေးကြခြင်း ကြောင့် ဖြစ်ပါသည်။
သစ်ပုပ်ပင်ကြီးကို သစ်သားတစ်ဝက်၊ အင်္ဂတေတစ်ဝက်ရောနှောဖာထေး ထားသည်မှာ အနုပညာ မဆန်သော်လည်း နောင်ဆယ်နှစ်၊ ဆယ်မိုးအကြာတွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းဒဏ်ကို ကောင်းစွာ ခံနိုင်ခဲ့ပါသည်။ ထိုစဉ်က ကျွန်တော်သည် တက္ကသိုလ်မြေထဲတွင် နေထိုင်ဆဲဖြစ်ပါသည်။ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့ ည ၁၀ နာရီခန့်မှ မေလ ၃ ရက်နေ့ နံနက် ၁၀ နာရီခွဲလောက်အထိ ပတ်ကြမ်းဝင် တိုက်ခဲ့သော နာဂစ်မုန်တိုင်းကြီးသည် တက္ကသိုလ်မြေရှိ သက်တမ်း ရာကျော် သစ်ပင်ကြီး ၁၅၀ ကျော် အပါအဝင် သစ်ပင်ကြီး၊ ငယ် ၅၀၀ ကျော်နှင့် အဆောက်အအုံများစွာကို ရုပ်ပျက်ဆင်းပျက်ပြိုလဲ စေခဲ့ပါသည်။
ကျွန်တော်တို့သည် တစ်ညလုံးဇီဝိန်ခြွေနေသော လေပြင်းမုန်တိုင်းကြားမှ ထိပ်ဖျားပိုင်းသာမြင်ရသော သစ်ပုပ်ပင်ကြီးကို ရသမျှ အလင်းရောင်ကြားမှ မျှော်၍မျှော်၍ ကြည့်ခဲ့ရပါသည်။ သစ်ပင်ကြီး၊ ငယ်များ တဖြောင်းဖြောင်း ကျိုးကျသံ၊ တဝုန်းဝုန်းလဲသံများကြားမှ သစ်ပုပ်ပင်ကြီးသည် ကိုင်းများယိမ်းယိုင် နေရုံမျှအပ ဘာမျှမဖြစ်ခဲ့သည်ကို ဝမ်းသာနေမိကြပါသည်။
ထိုစဉ်က သစ်ပုပ်ပင်ကြီးသည် ရွက်ဟောင်းကြွေ၍ ရွက်နုဝေချိန်ဖြစ်၍ အပေါ်အလေးချိန်မရှိခြင်း၊ အောက်ခြေကို ခိုင်မာအောင် ပြုပြင်ထားခြင်း တို့ကြောင့် မပြိုလဲခဲ့ခြင်းဖြစ်ပါသည်။
မိုးလေဆဲသော မေလ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် အပြင်သို့ ထွက်ကြည့်သော အခါ တက္ကသိုလ်မြေ တစ်ခုလုံးမမှတ်မိနိုင်လောက်အောင် အတုံးအရုံးပျက်စီး ကျိုးပဲ့နေသော်လည်း သစ်ပုပ်ပင်ကြီးမှာ အမောက်ထောင်နေဆဲ၊ မတုန်မလှုပ် ကျောက်ရုပ်ကဲ့သို့ မိုးတိုးမတ်တတ် ရပ်ဆဲ၊ ကိုင်းဖျားကိုင်းနား အချို့ ပဲ့ကျသွားရုံမှ အပ ကြော့ရှင်းဆဲ “သစ်ပုပ်ပင်ကြီးဘာမှမဖြစ်ဘူး၊ သစ်ပုပ်ပင်ကြီး ဘာမှမဖြစ်ဘူး” ဟု လက်ပမ်းပေါက်ခတ်သံတို့သည် အပျက်အစီးများကြားထဲမှ ရန်ကုန် တက္ကသိုလ်၏ နိမိတ်ကိုတွေ့ လိုက်ရသလို အားတက်ခဲ့ကြရ ပါသည်။ သစ်ပုပ်ပင်ကြီး ရှိနေသေးသရွေ့ ရန်ကုန်တက္ကသိုလ်ကြီး ရှိနေဦးမည်။
သစ်ပုပ်ပင်ကြီး ရှိနေခြင်းသည် ရန်ကုန်တက္ကသိုလ်ကြီး၏ အနာဂတ်ရွှေရောင်အိပ်မက်ဟု ဝမ်းမြောက် ခဲ့ကြရပါသည်။
မုန်တိုင်းကြီးတိုက်ခတ်အပြီး တယ်လီဖုန်းများ အဆက်အသွယ်ပြန်ရသောအခါ နယ်မှကျောင်းသား ဟောင်းအားလုံး မေးမြန်းသည့် မေးခွန်းထဲတွင် အမြဲပါသည့် မေးခွန်းမှာ “သစ်ပုပ်ပင်ကြီးရော ဘာဖြစ်သွားသလဲ” ဟူသော မေးခွန်းပင် ဖြစ်သည်။ ကမာရွတ်နှင့်တကွ ရန်ကုန်အနှံ့အပြားမှ (ပွဲကြိုက်သော မြန်မာ လူမျိုးတို့၏ ထုံးစံအတိုင်းလာရောက်ကြသော) ပွဲကြည့်ပရိသတ်ကလည်း သစ်ပုပ်ပင်ကို တကူးတကလာရောက်၍ ရင်သပ်ရှုမောကြည့်ကြပါသည်။ နတ်ကိုးကွယ်သူအချို့က ရန်ကုန်မြို့စောင့်နတ်ကြီးက သစ်ပုပ်ပင်ကြီးမှာနေတာ ဘယ်လဲမှာတုံးဟု ဆိုကြသည်။ ကျွန်တော်ကမူ ထိုရန်ကုန်မြို့စောင့် နတ်မင်းကြီးကို ကျေးဇူးတင်ပါသည်။ ၁၉၉၅-၂၀၀၀ ပြည့်နှစ်အတွင်းက ပါမောက္ခချုပ် ဒေါက်တာထွန်းမောင်၊ ဒေါက်တာတင်အောင်အေး၊ ဒေါက်တာ စိုးရင်၊ ထိုစဉ်က ပါမောက္ခများ သင်ကြားရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင်များကိုလည်း ကျေးဇူးတင်ပါသည်။ သစ်တော ပညာရှင်များကိုလည်း ကျေးဇူးတင်ပါသည်။ ခေတ်အဆက်ဆက် ထိန်းသိမ်းခဲ့၊ မှတ်တမ်းတင် ခဲ့သူများကိုလည်း ကျေးဇူးတင်ပါသည်။ သစ်ပုပ်ပင်ကြီးကို စွဲလမ်းမြတ်နိုးကြသော ပြည်သူလူထု အားလုံးကိုလည်း ကျေးဇူးတင်ပါသည်။ ရန်ကုန်တက္ကသိုလ်ကြီးသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှစ်ပေါင်းသက်တမ်းတစ်ရာပြည့်တော့ပေမည်။ ရန်ကုန်တက္ကသိုလ်၏ သင်္ကေတဖြစ်သော သစ်ပုပ်ပင်ကြီးကား ရာဇဝင်သမိုင်းများကို ဖြတ်သန်းရင်း မြန်မာနိုင်ငံအတွက်၊ မြန်မာ့ပညာရေး လောကအတွက်၊ မြန်မာ့တက္ကသိုလ်ပညာရေး အခင်းအကျင်း များအတွက်၊ ရန်ကုန်တက္ကသိုလ်အတွက် မမေ့လျော့သင့်သည့် မော်ကွန်းမှတ်တမ်းများကို ရေးထိုးလျက် ရှိပါသည်။
“သစ်ပုပ်ပင်” ဟုဆိုသည်နှင့်ကျွန်တော်တို့သည် တက္ကသိုလ်မြေကိုပြေး၍ သတိရမိကြပါသည်။ အဘယ်ကြောင့်ဆိုသော် သစ်ပုပ်ပင်နှင့် တက္ကသိုလ်မြေ၊ တက္ကသိုလ်မြေနှင့် သစ်ပုပ်ပင်တို့သည် ဒင်္ဂါးတစ်ပြား၏ ခေါင်းနှင့် ပန်းကဲ့သို့ ခွဲခြား၍မရသောကြောင့် ဖြစ်ပါသည်။
ကိုးကား-
၁။ မြန်မာ့အသံကျော်ဦး၊ နှစ်ငါးဆယ်ပြည့် ရန်ကုန်တက္ကသိုလ်
၂။ ရန်ကုန်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း(၁၉၉၈-၉၉)
မောင်ဖုန်းပြည့်(တက္ကသိုလ်)