Skip to main content

အချုပ်အခြာအာဏာ ပြည်သူလူထုထံ၌သာ...

ယနေ့ဆိုလျှင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မဲရုံများတွင် ပြည်သူလူထုအများ မဲပေးနေကြပေ ရော့မည်။ ပြည်သူအားလုံး စိတ်လှုပ်ရှားစွာဖြင့် သိလိုနေသည်မှာ ပြည်သူတွေက မည်သူတို့ကို ရွေးချယ်ကြပြီ လဲ ဟူသည့်အဖြေကို ဖြစ်ပါသည်။

မြန်မာပြည်သူတို့ မျှော်လင့်နေကြသည့် ၂၀၂၀ နိုဝင်ဘာ အထွေထွေ ရွေးကောက်ပွဲ။

မြန်မာလူထုသည် နိုင်ငံရေးမတည်ငြိမ်မှု၏ဒဏ်ကို နည်းလမ်းအမျိုးမျိုးဖြင့် ခံခဲ့ကြရသူများ ဖြစ်သောကြောင့် တည်ငြိမ်သော နိုင်ငံရေးစနစ်ကို အထူးတောင့်တလိုလားသူများ ဖြစ်ကြပါသည်။ နိုင်ငံရေးမတည်ငြိမ်မှုကို အရင်းခံ၍ နှစ်ရှည်ကြာ ဆင်နွှဲနေသော ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ၊ အရှုပ်အထွေးများဖြင့် လုံးထွေးကာ မဖြေရှင်းနိုင်ဖြစ်နေရသော တိုင်းရင်းသား လူမျိုးစုများကြားရှိ တန်းတူရေး၊ မျှတရေး၊ ညီညွတ်ရေး စသည့် ပြဿနာများ၊ ချွတ်ခြုံကျ စီးပွားရေး ပြဿနာ၊ အဆင့်အတန်းနိမ့်ကျပြီးရင်း နိမ့်ကျရင်း ဖြစ်ရသည့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အစစသော ကဏ္ဍများ၊ နိုင်ငံတကာအလယ်တွင် မျက်နှာငယ်စွာ ရပ်တည် ခဲ့ရသော အချိန်များ စသည်ဖြင့် မနည်းလှ။

ရွေးကောက်ပွဲများက မြန်မာနိုင်ငံတစ်ခုလုံးကို နတ်ရေကန်ထဲ ပစ်ချလိုက်သကဲ့သို့ ပြောင်းလဲ သစ်လွင်သွားစေမည် မဟုတ်သော်လည်း ပြောင်းလဲသစ်လွင်သွားစေမည့် လမ်းကြောင်းပေါ်သို့ တက်ရောက်နိုင်မည့် စနစ်ကို ရရှိလာစေမည်ဟု ယုံကြည်ပါသည်။ ပြည်သူလူထုက ရွေးချယ်သူများ နိုင်ငံ့အာဏာအရပ်ရပ်ကို ရရှိလာမည့် စနစ်ကို ထူထောင်နေကြခြင်းဟု နားလည်ပါသည်။

ယနေ့မြန်မာပြည်သူလူထု ကြိုးစားထူထောင်နေသော စနစ်သည် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ စနစ်ဖြစ်၏။ အဆိုပါ ရွေးကောက်ပွဲစနစ်၏ ပဓာနအကျဆုံးသော ပန်းတိုင်မှာ ပြည်သူလူထု မဲပေးရွေးချယ်သူတို့သာ လွှတ်တော်အသီးသီး၏ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်လာရေး၊ ထိုလွှတ်တော်များက ရွေးချယ်တာဝန်ပေးသူတို့သာ အစိုးရခေါင်းဆောင်များ ဖြစ်လာရေးနှင့် တရားစီရင်ရေးကို စီမံခန့်ခွဲထိန်းချုပ်နိုင်ရေးတို့ဖြစ်၏။ တစ်နည်းအားဖြင့် ဆိုလျှင် အခြေခံ ဥပဒေတွင် အလေးပေးဖော်ပြထားသည့် 'နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသား များထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်' ဟူသည့်မူကို အသေအချာ အကောင်အထည်ဖော်နိုင်ရန်အတွက် ရွေးကောက်ပွဲများကျင်းပခြင်း ဖြစ်၏။ နိုင်ငံသားများသည် ရွေးကောက်ပွဲတွင် မဲပေးသည့်နည်းဖြင့် ထိုမူကို ကြိုးစား တည်ဆောက် ကြရမည် ဖြစ်ပါသည်။

နိုင်ငံရေး အုပ်ချုပ်ရေးတာဝန်၊ ဥပဒေပြုရေးတာဝန်၊ တရားစီရင်ရေးဆိုင်ရာ တာဝန်တို့ကို မည်သူ့လက်ထဲသို့ လွှဲအပ်မလဲဆိုသည်ကို ရွေးကောက်ပွဲများကတစ်ဆင့်ပြည်သူလူထု၏ အဆုံး အဖြတ်ကို ရယူသည့် စနစ်ဖြစ်ပါသည်။

ယင်းသို့သော တာဝန်များကို လက်ခံကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်သူ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးခေါင်းဆောင်များက ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံကြပါသည်။ ပြည်သူလူထုကလည်း မိမိတို့၏ သဘောဆန္ဒကို အကောင်အထည် ဖော်ပေးနိုင်မည်ဟု ယုံကြည်သော နိုင်ငံရေးပါတီနှင့် နိုင်ငံရေးသမားများကို မဲပေး ရွေးချယ်ကြမည် ဖြစ်ပါသည်။

ဤစနစ်၏ ဥပဒေအရ မဲဆန္ဒနယ်အသီးသီးတွင် မဲအများဆုံး ရရှိသူတို့သည် ရွေးချယ်ခံ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်လာကြပါမည်။ လုံလောက်သော မဲအရေအတွက်မရရှိသူများက နိုင်ငံ့ အကျိုး၊ ပြည်သူ့အကျိုးကိုလွှတ်တော်ပြင်ပက ဆက်လက်တာဝန် ယူကြရန် ဖြစ်ပါသည်။ ။

မဲအနိုင်ရသူကို မဲရှုံးသူကယဉ်ကျေးစွာ ဂုဏ်ပြုနှုတ်ဆက်သည့် လွန်စွာသိမ်မွေ့ဖွယ်ရာသည့် နိုင်ငံရေးယဉ်ကျေးမှုပင် ဖြစ်ပါသည်။

တစ်နည်းအားဖြင့်ဆိုရလျှင် ပြည်သူလူထု၏အဆုံးအဖြတ်ကို ဝမ်းမြောက်စွာ လက်ခံခြင်းပင် ဖြစ်ပါသည်။

နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှသာ ဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်းလုံး၌ တည်ပါစေ သတည်း။ ။