Skip to main content

အသက်ခြောက်လမှ သုံးနှစ် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်း

နေပြည်တော် ဒီဇင်ဘာ ၄

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများတွင် နေ့ကလေးထိန်းဌာနများ ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် အသက်ခြောက်လမှ သုံးနှစ် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက ယခုသင်တန်းသည် သင်တန်းကာလတစ်လဖြစ်သော်လည်း သင်တန်းမှ ပို့ချချက်များသည် နေ့ကလေးထိန်းဌာနတစ်ခု ဖွင့်လှစ်နိုင်ရန် လိုအပ်ချက်များကို အထောက်အပံ့ဖြစ် စေမည်ဖြစ်ကြောင်း၊ သင်တန်းတွင် ကလေးသူငယ်များအတွက် နိုင်ငံတော်၏ မူဝါဒပိုင်းဆိုင်ရာများ၊ အထူးအခြေအနေရှိသည့် ကလေးများအကြောင်း၊ နေ့ကလေးထိန်းအရွယ်ကလေးများအတွက် ကျန်းမာရေးနှင့် အာဟာရပံ့ပိုးပေးမှုကဏ္ဍ၊ ကလေးများ ဘက်စုံဖွံ့ဖြိုးမှုဆိုင်ရာသဘောတရား၊ ဘက်စုံ ဖွံ့ဖြိုးမှုအထောက်အပံ့ဖြစ်စေမည့် အပြုသဘောဆောင်သည့် ပြုစုစောင့်ရှောက်မှုအရေးကြီးပုံနှင့် နေ့ကလေးထိန်းကျောင်း တစ်ကျောင်း၏ လိုအပ်ချက်နှင့် သင်ခန်းစာပြင်ဆင်မှုများကို စာတွေ့/ လက်တွေ့ သင်ကြားပေးခဲ့ကြောင်း၊ သင်တန်းတက်ရောက်ပြီးသူများသည် သင်ယူခဲ့ရသည့်ပို့ချချက်များအပေါ် လက်တွေ့အသုံးချသွားရန်၊ ကလေးပြုစုစောင့်ရှောက်ရေးဆိုင်ရာ အခြေခံသဘောတရားများအပေါ် ဆက်လက်လေ့လာသွားရန်လိုကြောင်းပြောကြားပြီး သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။

ဆက်လက်၍ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး သင်တန်းသူများက ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးသီချင်း၊ ကဗျာများဖြင့် ဖျော်ဖြေတင်ဆက်သည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသူများကိုယ်တိုင် ပြုလုပ်ထားသည့် ကလေးသူငယ်ဖွံ့ဖြိုးမှုဆိုင်ရာ သင်ထောက်ကူလက်မှုပစ္စည်းများကို လှည့်လည်ကြည့်ရှုသည်။

အဆိုပါသင်တန်းကို နိုဝင်ဘာ ၅ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ဖွင့်လှစ်ခဲ့ပြီး ဝန်ကြီးဌာန ၂၀ မှ သင်တန်းသူ စုစုပေါင်း ၃၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်