Skip to main content

မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၉

မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ (၃/၂၀၂၅)အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့်၊ ဒုတိယဥက္ကဋ္ဌ(၂) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ ကော်မတီဝင်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ခြောက်သွေ့ရာသီဖြစ်သော နှစ်စဉ် ဇန်နဝါရီလမှ မေလအတွင်း မီးခိုးမြူငွေ့ညစ်ညမ်းမှုများ ဖြစ်ပေါ်လေ့ရှိပြီး နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုသည် နယ်နိမိတ်ချင်းထိစပ်နေသည့် နိုင်ငံများအကြား မကြာခဏကြုံတွေ့ ရလေ့ရှိသဖြင့် ပွင့်လင်းရာသီမရောက်မီ ထိန်းချုပ်လျှော့ချရေးလုပ်ငန်းစဉ်များကို အလေးထားပြီး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

Fire Hotspot လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် Fire Hotspot ဖြစ်ပေါ်မှုအရေအတွက်၊ သိပ်သည်းဆပေါ်မူတည်၍ ဦးစားပေးဒေသများသတ်မှတ်ပြီး ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်း “အစား”ကုန်းမြင့် လယ်ယာစိုက်ပျိုးခြင်း၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများမှ မြေဩဇာပြုလုပ်ခြင်း၊ သစ်တောအတွင်း မီးမဆင်မခြင် အသုံးပြုမှုကိုတားဆီးခြင်း၊ ဒေသခံပြည်သူများအား အသိပညာပေးခြင်း၊ Fire Hotspot ဖြစ်ပေါ်မှုအခြေအနေအား စောင့်ကြည့်လေ့လာခြင်း၊ ဝန်းကျင်လေထုအရည်အသွေးတိုင်းတာခြင်း၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့် အစီအမံများချမှတ်ခြင်း၊ ဇာတ်တိုက်လေ့ကျင့် ခြင်း စသည့်လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

၂၀၂၅ ခုနှစ်အတွင်း မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ အဓိကမီးလောင်မှု ဖြစ်ပေါ်ရသည့်အကြောင်းရင်းများအနေဖြင့် အများစုမှာ တောင်ယာခုတ်ထွင် ရှင်းလင်းရန် မီးရှို့မှု၊ ရိုးပြတ်များ မီးရှို့မှုနှင့် တောမီးလောင်ကျွမ်းမှုတို့ကြောင့်ဖြစ်ပါကြောင်း၊ အဆိုပါဒေသများတွင် မီးလောင်ကျွမ်းမှု ထပ်မံဖြစ်ပေါ်မှုမရှိစေရေးအတွက် တောင်ယာမီးရှို့ခြင်း၊ ရိုးပြတ်များ မီးရှို့ခြင်းနှင့် တောမီးရှို့ခြင်းများ ဆောင်ရွက်ခြင်းမပြုစေရေး ကြိုတင်အသိပညာပေးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီဒုတိယဥက္ကဋ္ဌ(၂) ဒုတိယဝန်ကြီးက တောမီးလောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုသည် ဂေဟစနစ်နှင့် လူသားများ၏ ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်ရန် လိုအပ်သည့်အပြင် တောမီးလောင်ကျွမ်းမှုကြောင့် အကျိုးသက်ရောက်မှုတစ်ခုဖြစ်သည့် နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုသည် သိသာထင်ရှားသည့် ဆိုးကျိုးတစ်ခုဖြစ်သည့်အတွက် ကော်မတီဝင်များအနေဖြင့် မြန်မာ-ထိုင်းနယ်စပ်ဒေသများတွင်သာမက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများ ထိရောက်အောင်မြင်စေရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ကော်မတီအတွင်းရေးမှူးက ကော်မတီ၏ ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေ၊ မြန်မာနိုင်ငံအတွင်း Fire Hotspot လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ကော်မတီဝင်များနှင့် ကိုယ်စားလှယ်များက ကော်မတီ၏ လုပ်ငန်းများဆောင်ရွက်နေမှုကို သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်