Skip to main content

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ရိုးရာခြင်းလုံး၊ ကွင်းသွင်းခြင်းခတ်နှင့် ခရစ်ကတ်(အမျိုးသား၊ အမျိုးသမီး) ပြိုင်ပွဲ အုပ်စုပွဲစဉ်များ စတင်ကျင်းပ

ဘန်ကောက် ဒီဇင်ဘာ ၉

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ရိုးရာခြင်းလုံး၊ ပိုက်ကျော်ခြင်းနှင့် ခရစ်ကတ် (အမျိုးသား၊ အမျိုးသမီး) အသင်းလိုက်အုပ်စု ပတ်လည်ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သက်ဆိုင်ရာအားကစားကွင်း၊ အားကစားရုံများ၌ ကျင်းပသည်။

ဘန်ကောက်မြို့ရှိ Nakhonpathom Sport Center ၌ ကျင်းပလျက်ရှိသည့် ရိုးရာခြင်းလုံး အမျိုးသမီးပြိုင်ပွဲ အသင်းလိုက်အုပ်စုပတ်လည်ပွဲစဉ် Linking (Event 3) ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်းမှ အားကစားသမား မအေးအေးသန့်၊ မသဲသဲ၊ မစုတွယ်တာ၊ မမှုံနံ့သာ၊ မမေဦးခင်၊ မယဉ်မင်းသွယ်၊ မနှင်းအိမ်စည်နှင့် မခိုင်သဇင်ဖြိုးတို့ ဝင်ရောက်ယှဉ်ပြိုင်ကစားကြပြီး မြန်မာအမျိုးသားအသင်းလိုက် အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် Linking (Event 3) ပြိုင်ပွဲတွင် မောင်မင်းသစ္စာအောင်၊ မောင်အောင်မြင့်မြတ်၊ မောင်ခန့်ဝင်းဟိန်း၊ မောင်ဝေယံဖြိုး၊ မောင်ရဝေအောင်၊ မောင်ဇော်လင်းမောင်၊ မောင်ဓူဝံကျော်၊ မောင်အောင်ပြည့်ဖြိုးဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကစားကြသည်။

ရိုးရာခြင်းလုံး အမျိုးသမီးပြိုင်ပွဲ အသင်းလိုက် အုပ်စုပတ်လည်ပွဲစဉ် Linking (Event 3) ပြိုင်ပွဲတွင် မြန်မာ၊ ထိုင်း၊ မလေးရှား၊ လာအိုအသင်းတို့ ယှဉ်ပြိုင်ခတ်ကစားခဲ့ရာ ထိုင်းအသင်းက ရမှတ် ၃၉၄ မှတ်၊ လာအိုအသင်းက ရမှတ် ၃၁၇ မှတ်၊ မြန်မာအသင်းက ရမှတ် ၄၆၁ မှတ်၊ မလေးရှားအသင်းက ရမှတ် ၁၁၈ မှတ် ရရှိခဲ့သည့်အတွက် မြန်မာအမျိုးသမီးအသင်းအနေဖြင့် ရမှတ်အများဆုံး ရရှိထားပြီးဖြစ်သည်။

ရိုးရာခြင်းလုံး အမျိုးသားပြိုင်ပွဲ အသင်းလိုက်အုပ်စုပတ်လည်ပွဲစဉ် Linking (Event 3) ပြိုင်ပွဲတွင် မြန်မာ၊ ထိုင်း၊ မလေးရှား၊ လာအိုနှင့် အရှေ့တီမောအသင်းတို့ ယှဉ်ပြိုင်ခတ်ကစားခဲ့ရာ ထိုင်းအသင်းက ရမှတ် ၅၀၁ မှတ်၊ လာအိုအသင်းကရမှတ် ၄၁၀ မှတ်၊ မြန်မာအသင်းက ရမှတ် ၅၄၅ မှတ်၊ မလေးရှားအသင်း က ရမှတ် ၁၆၇ မှတ်နှင့် အရှေ့တီမောအသင်းက ရမှတ် ၆၈ မှတ်တို့ အသီးသီးရရှိခဲ့သည့်အတွက် မြန်မာအမျိုးသားအသင်းအနေဖြင့် ရမှတ်အများဆုံး ရရှိထားပြီးဖြစ်သည်။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်နှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ပြည်ထောင်စုဝန်ကြီးသည် မြန်မာခြင်းလုံးအဖွဲ့မှအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ အား နောက်ထပ်ယှဉ်ပြိုင်မည့် ပြိုင်ပွဲပွဲစဉ်တွင် ယခုထက်ပိုမိုကောင်းမွန်သည့် ရမှတ်များရရှိအောင် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်သွားရန် အားပေးစကားပြောကြားပြီး ရမှတ်အများဆုံးရရှိထားသည့် မြန်မာခြင်းလုံးအဖွဲ့မှ အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းမှ အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ထို့အတူ ခရစ်ကတ် T10 အမျိုးသမီးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဘန်ကောက်မြို့ရှိ TredThai Cricket Grounds, Asian Institute of Technology ၌ ကျင်းပခဲ့ရာ T10 အမျိုးသမီးပြိုင်ပွဲ ပထမနေ့ အုပ်စုပွဲစဉ်တွင် မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ မြန်မာအသင်းမှ 10 Overs တွင် ဘောလုံးရိုက်ချက်ပေါင်းရမှတ် ၉၉ မှတ် ရိုက်နိုင်ခဲ့ပြီး ဖိလစ်ပိုင်အသင်းမှ 10 Overs ပြန်ရိုက်ခဲ့ရာတွင် ရမှတ် ၅၉ မှတ်သာ ရိုက်နိုင်ခဲ့သည့်အတွက် ပြိုင်ပွဲပြီးဆုံးချိန်တွင် မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို ရမှတ် ၄၀ မှတ်အသာဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်