Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြောင်းမြမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဆောင်ရွက်ပေးနေမှု ကြည့်ရှုအားပေး

နေပြည်တော် ဒီဇင်ဘာ ၁၀

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ရှိ ရွှေသာလျောင်းရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရွှေသာလျောင်းဘုရားကြီးတန်ဆောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြောင်းမြမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပျက်စီး၊ ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ယင်းနောက် ဝန်ထမ်းများက ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် ဥပဒေနှင့်အညီ စိစစ်ကာ One Stop Service ဖြင့် လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်ပေးနေမှုကိုလည်းကောင်း၊ နိုင်ငံသားကတ်ပြားရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူကာ Unique ID နံပါတ်တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးကာ လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် One Stop Service ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် Unique ID ကတ်ပြားများကို သက်ဆိုင်ရာကာယကံရှင် တစ်ဦးချင်းထံ ပေးအပ်ပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြောင်းမြမြို့ မြကန်သာရပ်ကွက်ရှိ မေတ္တာမွန်ဘိုးဘွားရိပ်သာ၌ ရိပ်သာမှ တာဝန်ရှိသူများ၊ အဘိုးအဘွားများနှင့် တွေ့ဆုံပြီး အဘိုးအဘွားများအနေဖြင့် မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးနှင့် မဲစာရင်းတွင် အမည်စာရင်းပါရှိရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်မဲပေးနိုင်ရေးနှင့် မဲစာရင်းတွင် အမည်စာရင်းပျောက်ဆုံး၊ ပျက်စီးပါက မိတ္တူလျှောက်ထားရယူ ကိုင်ဆောင်နိုင်ရေး၊ လူတစ်ဦးချင်း၏ Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးဆောင်ရွက်နေမှုနှင့် အဘိုးအဘွားများ UID နံပါတ်ထုတ်ပေးနိုင်ရေးအခြေအနေ၊ အဘိုးအဘွားများ၏ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုမေးမြန်းကာ အဘိုးအဘွားတစ်ဦးချင်းထံ အလှူငွေနှင့် စားသောက်ဖွယ်ရာများ၊ ရိပ်သာအတွက် ဆိုလာမီးများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်လှူဒါန်းသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြောင်းမြမြို့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ရုံး၌ စစ်မှုထမ်းဟောင်းများနှင့် တွေ့ဆုံ၍ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ အနေဖြင့် နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေးနှင့် မဲပေးနိုင်ရေးအခြေအနေ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်မဲပေးနိုင်ရေးနှင့် ပျောက်ဆုံး၊ ပျက်စီးမှုများအား သက်ဆိုင်ရာလဝကရုံးများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးပြောကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများနှင့် ဆိုလာမီးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်