Skip to main content

(၁၅) ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များ ပူဇော်ကန်တော့ပွဲကျင်းပ၊ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ မိသားစုက ငွေကျပ် သိန်း ၁၀၀ လှူဒါန်း

ရန်ကုန် ဒီဇင်ဘာ ၁၅

မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ၏ (၁၅) ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များအား ပူဇော်ကန်တော့ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ Dolphin Hall ၌ ကျင်းပရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ မိသားစုတို့က ငွေကျပ်သိန်း ၁၀၀ လှူဒါန်းသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် အလုပ်အမှုဆောင်များ၊ အဖွဲ့ဝင်များ၊ ကန်တော့ခံသက်ကြီး ဂီတပညာရှင်များနှင့် ဂီတ၊ ရုပ်ရှင်၊ စာပေ၊ သဘင်မှ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦး​ဌေး​အောင်တို့က မုဒိတာစကားပြောကြားကြသည်။

ထို့နောက် မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားပြီး မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) အထွေထွေအတွင်းရေးမှူးက သက်ကြီးပူဇော်ပွဲအတွက် လှူဒါန်းရရှိသော အလှူငွေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှမိသားစုက လှူဒါန်းသည့် ငွေကျပ်သိန်း ၁၀၀ ကို ဒုတိယဝန်ကြီးက ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌက လက်ခံရယူသည်။

ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာနက လှူဒါန်းသည့် ငွေကျပ် သိန်း ၃၀ ကို ဒုတိယဝန်ကြီးကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းသည့် ငွေကျပ် ၁၅၆ သိန်းကို တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လှူဒါန်းသည့် ငွေကျပ် ၁၀ သိန်းကို တာဝန်ရှိသူတစ်ဦးကလည်းကောင်း၊ အလှူရှင်များက အလှူငွေများကိုလည်းကောင်း ပေးအပ်လှူဒါန်းကြရာ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ထို့နောက် တက်ရောက်လာကြသူများက ကန်တော့ခံသက်ကြီး ဂီတပညာရှင်ကြီး ၁၅၆ ဦးအား ကန်တော့ကြပြီး ကန်တော့ခံပစ္စည်းများနှင့် ဂါရဝပြုဂုဏ်ပြုငွေများ ပေးအပ်ကြသည်။ ယင်းနောက် ကန်တော့ခံသက်ကြီးဂီတပညာရှင်ကြီးများကိုယ်စား စည်သူ ဒေါ်တင်တင်မြက ဩဝါဒစကားပြောကြားခဲ့သည်။

သတင်းစဉ်